
နိုဝင်ဘာ - ၁ ( တနင်္ဂနွေနေ့ )
အရှေ့အလယ်ပိုင်းက အမေရိကန်တပ်ဖွဲ့တွေ အခြေစိုက်ထားတဲ့ စစ်ရေးစခန်းတွေမှာ အီရန်နိုင်ငံရဲ့ ဒုံးကျည်၊ ဒရုန်းနဲ့ တိုက်ခိုက်မှုတွေကြောင့် ဒေါ်လာ ၁၅ ဘီလီယံအထိ ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့တယ်လို့ ဝေါ်စထရိ (WSJ) သတင်းစာက ကြာသပတေးနေ့က ရင်းမြစ်တွေကို ကိုးကားပြီး သူတို့ရဲ့ ကိုယ်ပိုင်ဂြိုလ်တု ဓာတ်ပုံ လေ့လာဆန်းစစ်ချက်အရ ဖော်ပြခဲ့ပါတယ်။ အခုလို ကြီးမားတဲ့ ပျက်စီးဆုံးရှုံးမှုတွေက ပင်တဂွန် (အမေရိကန် ကာကွယ်ရေးဌာန) ရဲ့ စစ်စရိတ်စာရင်းကို ပိုပြီးမြင့်တက်စေခဲ့ပြီး၊ စုစုပေါင်း စစ်စရိတ်က ဒေါ်လာ ဘီလီယံ ၅၀ နီးပါးအထိ ရောက်ရှိသွားပြီ ဖြစ်ပါတယ်။
သတင်းစာရဲ့ လေ့လာဆန်းစစ်ချက်အရ အမေရိကန်စစ်တပ် အခြေစိုက်ထားတဲ့ စခန်း ၂၄ ခုမှာ ပျက်စီးသွားတဲ့ အဆောက်အအုံ စုစုပေါင်း ၂၇၄ ခုအထိ ရှိတယ်လို့ ဆိုပါတယ်။ ပထမနှစ်ပတ် အတွင်းမှာတင် စခန်း ၁၃ ခုက အဆောက်အအုံ အနည်းဆုံး ၁၁၉ ခု ထိခိုက်ပျက်စီးခဲ့ပြီး၊ ဘာရိန်းနိုင်ငံမှာရှိတဲ့ အမေရိကန် ရေတပ် ပဉ္စမရေတပ်ဌာနချုပ်ကတော့ အထိနာဆုံးထဲမှာ ပါဝင်ပါတယ်။ ဖေဖော်ဝါရီ ၂၈ ရက်နေ့က စတင်ခဲ့တဲ့ အမေရိကန်-အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုအပြီးမှာ အီရန်ဘက်က လက်တုံ့ပြန်တဲ့အနေနဲ့ ဒီလို တိုက်ခိုက်မှုတွေကို လှိုင်းလုံးလို တကျော့ပြန် လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး သိရှိတဲ့ အမည်မဖော်လိုတဲ့ အမေရိကန်အရာရှိ တဦးကတော့ အီရန်တို့ရဲ့ တိုက်ခိုက်မှုတွေကြောင့် စခန်းတွေ ထိခိုက်ပျက်စီးမှုဟာ ပဋိပက္ခတွေ ပိုမိုပြင်းထန်လာတာနဲ့အမျှ ပိုပြီး တိကျသေချာလာခဲ့ပြီး၊ အနည်းဆုံး ဒေါ်လာ ၅ ဘီလီယံ ရှိမယ်လို့ ပင်တဂွန်က ခန့်မှန်းထားကြောင်း WSJ ကို ပြောပြခဲ့ပါတယ်။ တခြား WSJ ရဲ့ ရင်းမြစ်တစ်ဦးကလည်း ဒီပမာဏဟာ ဒေါ်လာ ၁၅ ဘီလီယံအထိ မြင့်တက်လာနိုင်ချေ ရှိတယ်လို့ ဆိုပါတယ်။
အဲဒီစခန်းတွေအများစုက ဝါရှင်တန်ရဲ့ ဒေသတွင်း မဟာမိတ်နိုင်ငံတွေနဲ့ ပူးတွဲသုံးစွဲနေတာဖြစ်လို့ ထိခိုက်ပျက်စီးမှုတွေအတွက် သူတို့ဘက်က တစိတ်တပိုင်း ပြန်ပေးဆပ်ဖို့ ရှိနေတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ပင်တဂွန်အနေနဲ့ အချို့သော အဆောက်အအုံတွေကို လုံးဝ ပြန်မပြင်တော့ဘဲ ထားပစ်လိုက်ဖို့လည်း ရှိတယ်လို့ ဆိုပါတယ်။
အီရန်ဘက်က သူတို့ရဲ့ ဒုံးကျည်စခန်းတွေကို အမြန်နှုန်းနဲ့ ပြန်လည်ပြုပြင်နေပြီး မြေအောက်မှာ မြှုပ်ထားတဲ့ လက်နက်ခဲယမ်း သိုလှောင်ရုံတွေကိုလည်း ပြန်လည်တူးဖော် ထုတ်ယူနေတယ်လို့ သတင်းမှာ ဆက်ပြောထားပါတယ်။ အမေရိကန်ဘက်မှာ လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည် လက်ကျန်တွေ ရှားပါးနေတဲ့ကြားကနေ သမ္မတ ဒေါ်နယ်ထရမ့်က နောက်ထပ် ထပ်ပြီး တိုက်ခိုက်ဖို့ စဉ်းစားနေချိန်မှာ အခုလို စစ်ရေးပြင်ဆင်မှုတွေ ရှိလာတာ ဖြစ်ပါတယ်။
ဒါပေမဲ့ အမေရိကန် စစ်ရေးဝန်ကြီး ပီတီ ဟက်ဆက်သ် ကတော့ အီရန်ရဲ့ စစ်ရေးစွမ်းရည်ကို သက်ညှာတွက်ဆမနေဘဲ "သူတို့မှာ အချို့သော စွမ်းရည်တွေ ရှိနေတုန်းပဲဆိုပေမဲ့၊ အရင်က အခြေအနေနဲ့စာရင် ဘာမှန်းကို မသိလောက်အောင် အများကြီး လျော့နည်းသွားပါပြီ" လို့ ပြောကြားခဲ့ဖူးပါတယ်။
အဲဒီအချိန်မှာပဲ အမေရိကန် နိုင်ငံခြားဆက်ဆံရေး ကော်မတီနဲ့ ဆီးနိတ် ဘတ်ဂျက်ခွဲဝေရေး ကာကွယ်ရေးခွဲကော်မတီဝင်ဖြစ်တဲ့ ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် ခရစ် မာဖီ ကို ကာတာနိုင်ငံမှာရှိတဲ့ အယ်လ် အူဒိဒ် လေတပ်စခန်း ထဲ ဝင်ရောက်ခွင့် ပိတ်ပင်ခံခဲ့ရပြီးနောက်မှာ အစိုးရအဖွဲ့ဟာ "စစ်ပွဲရဲ့ အမှန်တကန် ကုန်ကျစရိတ်တွေကို ဖုံးကွယ်ဖို့" ကြိုးစားနေတယ်လို့ စွပ်စွဲလိုက်ပါတယ်။ ပင်တဂွန်ဘက်ကတော့ ဒီလို ပိတ်ပင်ရတာဟာ ဒေသတွင်း ခရီးသွားလာမှု ကန့်သတ်ချက်တွေကြောင့်လို့ ဆိုပါတယ်။
ကွန်ဂရက်လွှတ်တော်ဆီ တင်ပြခဲ့တဲ့ ပင်တဂွန်ရဲ့ နောက်ဆုံးခန့်မှန်းချက်အရ အီရန်စစ်ပွဲအတွက် အောက်တိုဘာ ၁၆ ရက်အထိ စခန်း ထိခိုက်ပျက်စီးမှုတွေ မပါဝင်ဘဲ ကုန်ကျစရိတ် ဒေါ်လာ ၄၇.၁ ဘီလီယံ ရှိသွားပြီ ဖြစ်ပါတယ်။ အဲဒီထဲမှာ သုံးစွဲပြီးသား ခဲယမ်းမီးကျားတွေကို အစားထိုးဖို့အတွက် ဒေါ်လာ ၂၉ ဘီလီယံခန့်၊ လုပ်ငန်းလည်ပတ်ရေး စရိတ်အတွက် ဒေါ်လာ ၁၁.၉ ဘီလီယံနဲ့ စစ်ဘက်ဆိုင်ရာ ပစ္စည်းဆုံးရှုံးမှုအတွက် ဒေါ်လာ ၆.၁ ဘီလီယံ ပါဝင်ပါတယ်။
ထိခိုက်သေဆုံးမှုတွေအနေနဲ့ကတော့ အီရန်စစ်ဆင်ရေးတွေနဲ့ ပတ်သက်ပြီး အမေရိကန်စစ်တပ်ဘက်က သေဆုံးသူ ၂၃ ဦး (ရန်သူ့ပစ်ခတ်မှုကြောင့် သေဆုံးသူ ၁၁ ဦး အပါအဝင်) နဲ့ ဒဏ်ရာရသူ ၈၆၅ ဦး ရှိတယ်လို့ ယခုအခါမှာ ဝန်ခံထားပါတယ်။
REF: RT
#News #Myanmar