Eleven Media Group

မန္တလေး စည်ပင်သာယာဝန်ထမ်းတစ်ဦး ကညနရုံးအနီး ကားပေါ်တွင် ဓားဒဏ်ရာများဖြင့် သေဆုံး

မန္တလေး စည်ပင်သာယာဝန်ထမ်းတစ်ဦး ကညနရုံးအနီး ကားပေါ်တွင် ဓားဒဏ်ရာများဖြင့် သေဆုံးနေမှု အောက်တိုဘာ ၂၉ ရက် နံနက်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ချမ်းမြသာစည်မြို့နယ်၊ ၇၃ လမ်းနှင့် ရန်-မန်းလမ်းကြား၊ ကညနရုံးအနီး၊ သိပ္ပံလမ်းဘေးတွင်ရပ်ထားသော ကားပေါ်တွင် အမျိုးသားတစ်ဦး သေဆုံးနေကြောင်း သတင်းရရှိသဖြင့် သက်ဆိုင်ရာရဲတပ်ဖွဲ့တာဝန်ရှိသူများက သွားရောက်စစ်ဆေးရာ Honda Vanos အမျိုးအစား အနက်ရောင်ယာဉ်ပေါ်တွင် ယာဘက်နဖူး ပြတ်ရှဒဏ်ရာ တစ်ချက်၊ ယာဘက်ပါး ပြတ်ရှဒဏ်ရာသုံးချက်၊ ဝဲဘက်ပါး ပြတ်ရှဒဏ်ရာသုံးချက်၊ လည်ပင်းပြတ်ရှဒဏ်ရာ တစ်ချက်၊ ယာလက်မောင်း ပြတ်ရှဒဏ်ရာတစ်ချက်တို့ဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

စစ်ဆေးချက်အရ ဒဏ်ရာများဖြင့် သေဆုံးသူသည် ကိုမျိုးသန့် (၃၃ နှစ်) ဖြစ်ပြီး မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီ၊ မော်တော်ယာဉ်ဌာနမှ ယာဉ်မောင်းတစ်ဦးဖြစ်ကြောင်း သိရသည်။

"သူ့ဘီယာဆိုင်ပိတ်ပြီး အိမ်အပြန် ဖြစ်ပုံရတယ်။ အဲဒီတုန်းထဲက အဆက်အသွယ်မရတော့တာ။ ခုမနက်မှ ကညနရုံးရှေ့မှာ ခုလိုဖြစ်နေတာကို သိရတာပါ။ ဝတ်ထားတဲ့ ရွှေဆွဲကြိုးနဲ့ ဟန်းချိန်းလည်း ပါသွားတယ်။ အမှတ် (၁၁) ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်" ဟု သေဆုံးသူ၏ ဦးလေးဖြစ်သူက ပြောကြားသည်။

ထို့ကြောင့် ကိုမျိုးသန့်အား အသက်သေဆုံးသည်အထိ ပြုလုပ်ခဲ့သူအား စုံစမ်းရှာဖွေနိုင်ရန်အတွက် အမှတ် (၁၁) နယ်မြေရဲစခန်းတွင် (ပ) ၁၅၅/ ၂၀၂၆၊ ပုဒ်မ ၃၀၂ တို့ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group