
အီရန်နိုင်ငံနှင့် ဖြစ်ပွားနေသည့် စစ်ပွဲတွင် အမေရိကန်စစ်တပ်၏ စစ်ရေးကုန်ကျစရိတ်သည် လက်ရှိတွင် အမေရိကန်ဒေါ်လာ ၄၇ ဘီလီယံကျော် ရှိပြီဟု ပင်တဂွန်၏ အချက်အလက်များအရ သိရကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည် ။ ယင်းပမာဏသည် ကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင်တွင် ခန့်မှန်းထားသည့် ပမာဏထက် ၂၅ ရာခိုင်နှုန်းကျော် မြင့်တက်လာခြင်းဖြစ်သည်။
နိုဝင်ဘာ ၃ ရက် အမေရိကန်ရွေးကောက်ပွဲတွင် လာမည့်နှစ်နှစ်အတွက် ကွန်ဂရက်လွှတ်တော်ကို ရီပတ်ဘလစ်ကန်ပါတီက ဆက်လက်ထိန်းချုပ်နိုင်မည်လားဆိုသည်ကို ဆုံးဖြတ်မည်ဖြစ်သည်။
အီရန်စစ်ပွဲ၏ နိုင်ငံရေးအကျိုးဆက်များကို ရီပတ်ဘလစ်ကန်ပါတီက ရင်ဆိုင်နေရပြီး စစ်ပွဲကြောင့် ကမ္ဘာ့စွမ်းအင် ဈေးနှုန်းများ မြင့်တက်လာခြင်းသည် ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်လောင်းများအပေါ် ထောက်ခံမှုကို ထိခိုက်စေသည့်အပြင် သမ္မတဒေါ်နယ်ထရန့်၏ လူထုထောက်ခံမှုကိုလည်း ကျဆင်းစေခဲ့သည်။ လက်ရှိ ရီပတ်ဘလစ်ကန်ပါတီက အောက်လွှတ်တော်နှင့် အထက်လွှတ်တော် နှစ်ရပ်စလုံးတွင် အမတ်နေရာ အများစုကို အနည်းငယ်သာ အသာစီးရထားသည်။
ပင်တဂွန်၏ နောက်ဆုံးခန့်မှန်းချက်တွင် စစ်ဆင်ရေးဆောင်ရွက်မှုဆိုင်ရာ ကုန်ကျစရိတ်များအပြင် စစ်ပွဲအတွင်း ကုန်ဆုံးသွားသည့် လက်နက်ခဲယမ်းများကို ပြန်လည်ဖြည့်တင်းရန် ဒေါ်လာ ၂၉ ဘီလီယံကျော် ကုန်ကျမည်ဟု ခန့်မှန်းထားကာ စစ်လေယာဉ်များအပါအဝင် စစ်လက်နက်ပစ္စည်းများကို ပြန်လည်ဖြည့်တင်းရန် ဒေါ်လာ ၆ ဘီလီယံကျော် လိုအပ်မည်ဖြစ်သည်။ ယင်းဆုံးရှုံးမှုများတွင် ဒရုန်းအများအပြားလည်း ပါဝင်သည်။
ယခုစာရင်းတွင် လေကြောင်းစစ်ဆင်ရေးနှင့် ဆိုက်ဘာထောက်ပံ့မှုအပါအဝင် ကုန်ကျစရိတ်များ ပါဝင် သော်လည်း အီရန်၏ ဒုံးကျည်နှင့်ဒရုန်းများကြောင့် ပျက်စီးခဲ့သည့် အမေရိကန်စစ်စခန်းများကို ပြုပြင်ရန် ကျသင့်မည့်ပမာဏကို ရှင်းလင်းစွာ ထည့်သွင်းတွက်ချက်ထားခြင်း မရှိကြောင်း သိရသည်။
Ref: Reuters ,Photo:AP