Eleven Media Group

စစ်ပွဲအသစ်ဖြစ်ပွားလာပါက ယခင်စစ်ပွဲထက် အချိန်ကာလ ပိုမိုကြာမြင့်နိုင်ကြောင်း အီရန် သတိပေး

စစ်ပွဲအသစ်ဖြစ်ပွားလာမည်ဆိုပါက ယခင်စစ်ပွဲထက် အချိန်ကာလ ပိုမိုကြာမြင့်နိုင်ကြောင်း အီရန်က နိုဝင်ဘာ ၁ ရက်တွင် သတိပေးခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်တွင် နောက်ထပ်ပစ်မှတ်များကို ရှင်းလင်း ဆောင်ရွက်ရန်ကျန်ရှိနေသေး ကြောင်း ပြောကြားခဲ့ပြီးနောက် အီရန်၏ သတိပေးချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

အီရန်အပေါ် စစ်ရေးအရ ဗုံးကြဲတိုက်ခိုက်မှုများကို ပြန်လည်စတင်သွားမည်ဟု အမေရိကန်နှင့် အစ္စရေးတို့၏ ခြိမ်းခြောက်မှုများကြောင့် အရှေ့အလယ်ပိုင်း စစ်ပွဲအား အဆုံးသတ်ရန် သံတမန်ရေးရာ ကြိုးပမ်းမှုများသည် မှေးမှိန်နေခဲ့သည်။

"ဖြစ်ပေါ်လာနိုင်တဲ့ အနာဂတ် စစ်ပွဲဟာ ယခင်ပဋိပက္ခထက် ပိုမို ကြာမြင့်နိုင်ပြီး အမေရိကန်သမ္မတအနေနဲ့ အဲဒီ စစ်ပွဲ ပြီးဆုံးမယ့် အချိန်ဇယား ဒါမှမဟုတ် အခြေအနေတွေကို သတ်မှတ်ညွှန်ကြားနိုင်တဲ့ အနေအထားမှာ ရှိမှာမဟုတ်ပါဘူး" ဟု အီရန်စစ်တပ် ပြောရေးဆိုခွင့်ရှိသူ မိုဟာမက် အက်ခ်ရာမီနီယာက ပြောကြားခဲ့ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံက ဖော်ပြခဲ့သည်။

ဖေဖော်ဝါရီ ၂၈ ရက်တွင် အီရန်အပေါ် အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုများဖြင့် စတင်ခဲ့သည့် စစ်ပွဲ၏ အပြင်းထန်ဆုံးအချိန်က အီရန်သည် ဒေသအနှံ့ ဒုံးကျည်များနှင့် ဒရုန်းများကို အသုံးပြုကာ တုံ့ပြန်တိုက်ခိုက်ခဲ့သည်။

အက်ခ်ရာမီနီယာ၏ မှတ်ချက်စကားသည် အမေရိကန်အနေဖြင့် အီရန်နိုင်ငံအတွင်း ကျန်ရှိနေသေးသော ပစ်မှတ်များကို လျှင်မြန်စွာ တိုက်ခိုက်နိုင်ကြောင်း ထရန့်၏ ထုတ်ဖော်ပြောဆိုမှုအပြီးတွင် ပေါ်ထွက်လာခြင်းဖြစ်သည်။

"ကျွန်တော့်အမြင်အရ ရှင်းလင်း ဆောင်ရွက်ဖို့ ကျန်နေသေးတဲ့ ပစ်မှတ်တစ်ခု ဒါမှမဟုတ် နှစ်ခု ရှိပါသေးတယ်၊ ဒါပေမဲ့ အဲဒါကို မိနစ် ၁၀ အတွင်း ကျွန်တော်တို့ လုပ်ဆောင်နိုင်ပါတယ်" ဟု ထရန့်က နိုဝင်ဘာ ၁ ရက်တွင် သတင်းထောက်များ ကို ပြောကြားခဲ့သည်။

Ref: AFP , Photos - Tasnim/ Mehr/Tehran Times

မူရင်းသတင်း — Eleven Media Group