
ဒေါ်နယ်ထရန့်က ဘရာဇီးသမ္မတရွေးကောက်ပွဲတွင် ရှုံးနိမ့်ကာ အမေရိကန်သို့ ထွက်ပြေးလာသည့် အထက်လွှတ်တော်အမတ် ဖလာဗီယို ဘော်ဆိုနာရိုအား အမေရိကန်နိုင်ငံတွင် ၎င်းဆန္ဒရှိသလောက် နေထိုင်ခွင့်ပြုမည်ဖြစ်ကြောင်း နိုဝင်ဘာ ၁ ရက်က ပြောကြားခဲ့သည်။
ဖလော်ရီဒါပြည်နယ်ရှိ ၎င်း၏ Mar-a-Lago အပန်းဖြေစခန်းတွင် ပြုလုပ်သည့် ဟောလိုးဝင်းပါတီအခမ်းအနားတွင် သတင်းထောက်များနှင့်တွေ့စဉ် ထရန့်က ထိုသို့ မှတ်ချက်ပေးခဲ့ခြင်းဖြစ်သည်။ သို့သော် ဘော်ဆိုနာရိုနှင့် တွေ့ရန် အစီအစဉ်မရှိဟု ထရန့်ကဆိုသည်။ ထို့ပြင် ဘရာဇီးရွေးကောက်ပွဲသည် အရှက်ရဖွယ်ကောင်းသည့် ရွေးကောက်ပွဲဟုလည်း ထရန့်ကပြောခဲ့သည်။
အကျဉ်းကျနေသည့် ဘရာဇီးသမ္မတဟောင်း ဂျဲယားဘော်ဆိုနာရို၏ သားဖြစ်သူ ဖလာဗီယို ဘော်ဆိုနာရိုသည် အောက်တိုဘာ ၂၈ ရက်နံနက်ပိုင်းတွင် အမေရိကန်သို့ ရောက်ရှိလာခဲ့သည်။ အာဂျင်တီးနားအာဏာပိုင်များ၏ ပြောကြားချက်အရ ဘော်ဆိုနာရိုသည် ဇနီး၊သမီးနှစ်ဦးတို့နှင့်အတူ ဘရာဇီးမြောက်ပိုင်းနှင့် အာဂျင်တီးနားနိုင်ငံကို ဆက်သွယ်ထားသည့် တံတားကိုဖြတ်ကျော်ကာ အာဂျင်တီးနားသို့ ဝင်ရောက်ခဲ့သည်။ ထို့နောက် စင်းလုံးငှားလေယာဉ်ဖြင့် အီကွေဒေါမှတစ်ဆင့် မိုင်ယာမီမြို့သို့ ဆက်လက်ထွက်ခွာခဲ့ခြင်းဖြစ်သည်။
ထိုကိစ္စကို ရှင်းလင်းချက်ပေးရန် ဘရာဇီးအစိုးရက အာဂျင်တီးနားသံတမန်ကို ဆင့်ခေါ်ခဲ့သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုကမူ ဘော်ဆိုနာရိုထွက်ပြေးလာမှုနှင့် အမေရိကန်အစိုးရ ပက်သက်မှုမရှိဟု တုံ့ပြန်ထားသည်။
ဘော်ဆိုနာရိုက ဘရာဇီးအတိုက်အခံ အင်အားစုများကို ပြည်ပမှဦးဆောင်သွားမည်ဟု အမေရိကန်သို့ ရောက်ပြီး သည့်နောက် ကြွေးကြော်ခဲ့သည်။ ၎င်းသည် အဂတိလိုက်စားမှုနှင့် ငွေကြေးခဝါချမှု စွပ်စွဲချက်များဖြင့် ဘရာဇီးတရားရုံး ချုပ်၏ စုံစမ်းစစ်ဆေးမှုကို ခံနေရသူဖြစ်သည်။
Ref: Anadolu Agency