
ရှမ်းပြည်နယ်တောင်ပိုင်း ၊ ညောင်ရွှေမြို့နယ်၊အင်းလေး ဖောင်တော်ဦး မြတ်စွာဘုရား ကျောင်းတော်ဝင်ပွဲ နေ့တွင် အင်းသားရိုးရာ လှေပြိုင်ပွဲ ကျင်းပကြောင်း ကော်မတီထံမှ သိရသည်။
လှေပြိုင်ပွဲတွင် ၄၆ တက် ပထမဆု စည်သာ အသင်း၊ ဒုတိယ ကေလာ အသင်း၊ ရာကျော်လှေ ပထမ ရွှေပြည်သာ အောက် ၊ ဒုတိယ ရွာကြီး ရှေ့ ၊ အမျိုးသမီး ၂၆ တက် ပထမ ကေလာ ၊ ဒုတိယ မိုင်းသောက် ၊ ကျောင်း သား ၂၆ တက် ပထမ ကေလာ၊ ဒုတိယ အိမ်ထောင့်ကြီး အသင်းတို့ အသီးသီး အနိုင် ရရှိခဲ့ကြောင်း လှေပြိုင်ပွဲ ကျင်းပရေး ကော်မတီ ထံမှ သိရသည်။
၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၉ ရက် ၊ သီတင်း ကျွတ် လပြည့်ကျော်(၃) ရက် နံနက် ၇ နာရီ တွင် ရေသာကျောင်းမှ စတင်ထွက်ခွာ၍ ရတနာစံကျောင်းတော်သို့ နံနက် ၉ နာရီ အချိန်တွင် ကရဝိက် ဖောင်တော် ဆိုက်ရောက်ကြောင်း သိရသည်။
အင်းလေး ဖောင်တော်ဦး မြတ်စွာဘုရား ရုပ်ရှင်တော်မြတ် ၄ ဆူကို ကျောင်းဆောင်ပေါ်သို့ ပင့်ဆောင် ပူဇော်ခဲ့ကြပြီး ၊ အင်းသား ရိုးရာ လှေပြိုင်ပွဲကို ဆက်လက် ကျင်းပပြုလုပ်ကြောင်း သိရသည်။ လှေပြိုင်ပွဲပြီးနောက် အလှပြ လှေယာဉ်များနှင့် လှေပြိုင်ပွဲဝင်ကြသော အနိုင်ရ အသင်းများအား ဆုတံဆိပ်များ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
အင်းလေးဖောင်တော်ဦးရုပ်ရှင်တော်မြတ်စွာဘုရား လေးဆူ ဒေသစာရီကြွချီပွဲတော် သည် ၁၃၈၈ ခုနှစ်၊ သီတင်းကျွတ် လဆန်း (၁)ရက်မှ သီတင်းကျွတ်လပြည့်ကျော် (၃)ရက်၊ အောက်တိုဘာလ ၁၂ ရက်မှ ၂၉ ရက် အထိ အင်းလေးဒေသ (၂၁) ဌာနကို ဒေသစာရီကြွချီပူဇော်ခံ လှည့်လည်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
■ ယခုနှစ်တွင်လည်း အင်းသား အမျိုးသားနေ့ကို ကျင်းပနိုင်ရန် ပြင်ဆင်နေကြောင်း ကော်မတီ ထံမှ သိရသည်။
ကလောင် - စည်သာ(တောင်ကြီး)