
လူငယ်အချို့ ခေတ်ရေစီးကြောင်းနောက်ကို လိုက်ပါရင်း ရိုးရာယဉ်ကျေးမှုတန်ဖိုးများအား လျစ်လျူရှုလာနိုင်သည့်အတွက် ယင်းအခြေအနေကို ပေါ့ပေါ့ဆဆမထားကြရန်လိုအပ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။
(၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို အောက်တိုဘာ ၂၉ ရက် ညနေပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-1) ၌ ပြုလုပ်ခဲ့ပြီး အဆိုပါ အခမ်းအနား ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် နိုင်ငံတော်သမ္မတက ထိုသို့ထည့်သွင်းပြောကြားခြင်းဖြစ်သည်။
အခမ်းအနားသို့ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့်ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီနှင့် ဇနီး၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီတို့မှ ကော်မတီဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးများ၊ အကဲဖြတ်ပညာရှင်ကြီးများ၊ ကြီးကြပ်အုပ်ချုပ်သူများ၊ နည်းပြများ၊ အထောက်အကူပြုများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် နိုင်ငံတော်သမ္မတက ဂုဏ်ပြုအမှာစကား ပြောကြားရာ၌ ယနေ့အမျိုးသားယဉ်ကျေးမှု ထိန်းသိမ်းမြှင့်တင်ရေး ရည်မှန်းချက်ကို ဖော်ဆောင်ပေးခဲ့သည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီဖြစ်သဖြင့် ပါဝင်ကြိုးပမ်းခဲ့ကြသည့် အနုပညာရှင်ကြီးများနှင့် အကဲဖြတ်အဖွဲ့ဝင်များအားလုံးလည်း နိုင်ငံတော်အစိုးရနှင့်အတူ ဝမ်းမြောက်ဂုဏ်ယူနေကြမည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။
ယခုကျင်းပပြီးစီးခဲ့သည့် (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးတွင်လည်း နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှု၊ ဝါရင့်သမ္ဘာရင့် အနုပညာရှင်ကြီးများ၏ ကြီးကြပ်ဆောင်ရွက်ပေးမှု၊ ပြိုင်ပွဲဝင် မျိုးဆက်သစ် အနုပညာရှင်လူငယ်များ၏ ကြိုးပမ်းအားထုတ်ပါဝင်ယှဉ်ပြိုင်မှုများကြောင့် မျှော်မှန်းထားသည်ထက် ပိုမိုအောင်မြင်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ ဆုရရှိမှုကို ကြည့်မည်ဆိုပါကလည်း ရွှေတံဆိပ်ဆု ၁၉၅ ခု၊ ငွေတံဆိပ်ဆု ၁၆၇ ခု၊ ကြေးတံဆိပ်ဆု ၁၆၅ ခု၊ နှစ်သိမ့်ဆု ၂ ခုနှင့် အထူးဆု ၂ ခု စုစုပေါင်း ၅၃၁ ဆုအထိ တိုးမြှင့်ချီးမြှင့်နိုင်ခဲ့သောကြောင့် အားရကျေနပ်ဖွယ်ရာဖြစ်ကြောင်းကို တွေ့ရှိရကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
ယနေ့အချိန်အခါတွင် မိမိတို့နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးကို နိုင်ငံတကာအလယ်တွင် တင့်တယ်စွာရပ်တည်နိုင်ရေးအတွက် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကြီး ပေါ်ထွန်းလာရေး တည်ဆောက်လျက်ရှိကြောင်း၊ ထို့ကြောင့်လည်း လိုအပ်သည့် မိမိတို့၏ ကိုယ်ပိုင်ရိုးရာယဉ်ကျေးမှုအစဉ်အလာများ၊ လူမှုရေးကျင့်ဝတ်နှင့် တန်ဖိုးများ၊ အမျိုးသားရေးစရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်မြှင့်တင်ရေးတို့ကိုလည်း စနစ်တကျကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် နှစ်စဉ်ကျင်းပပေးလျက်ရှိသည့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများလည်း ပါဝင်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
၂၁ ရာစုခေတ်တွင် ဆက်သွယ်ရေးနှင့် နည်းပညာပေါင်းစပ်နိုင်မှုကြောင့် အင်တာနက်ကို ကောင်းစွာအသုံးပြုလာနိုင်သကဲ့သို့ နိုင်ငံရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ လွှမ်းမိုးမှုများသည် နယ်စည်းမခြား တိုးပွားလာနေကြောင်း၊ ယင်းအခြေအနေတွင် မျိုးဆက်သစ်လူငယ်များ၏ ရိုးရာယဉ်ကျေးမှုအပေါ် မြတ်နိုးမှုနှင့် အမျိုးသားရေးစိတ်ဓာတ်များ ခိုင်မာရှင်သန်နေစေရေး အနုပညာရှင်များနှင့် တာဝန်ရှိသူအားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
လူငယ်အချို့ ခေတ်ရေစီးကြောင်းနောက်ကို လိုက်ပါရင်း ရိုးရာယဉ်ကျေးမှုတန်ဖိုးများကို လျစ်လျူရှုလာနိုင်သည့်အတွက် ယင်းအခြေအနေကို ပေါ့ပေါ့ဆဆမထားကြရန် လိုအပ်ကြောင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး၏ အောင်မြင်မှုကို အခြေခံပြီး ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ ပိုမိုရှင်သန်ထွန်းကားလာစေရေး အနုပညာရှင်ကြီးများအနေဖြင့် မိမိတို့၏ အနုပညာစွမ်းအားဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်ပေးကြရန် နိုင်ငံတော်သမ္မတက တိုက်တွန်းပြောကြားသည်။
အနုပညာရှင်ကြီးများ၏ ကြိုးပမ်းအားထုတ်မှုများကြောင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးများ၏ အကျိုးရလဒ်ကောင်းများဖြစ်ထွန်းနေမှုသည် အနာဂတ်နိုင်ငံတော်အတွက် ထူးခြားကောင်းမွန်သည့် အစဉ်အလာများပင်ဖြစ်ကြောင်း၊ ပြိုင်ပွဲကြီးများ၏ အကျိုးကျေးဇူးကြောင့်လည်း ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်အနုပညာရှင်များ အများအပြားပေါ်ထွန်းလာနေသည်မှာ အားရဖွယ်ရာဖြစ်ကြောင်း၊ ယင်းသည် ဝါရင့်သမ္ဘာရင့်အနုပညာရှင်ကြီးများထံမှ အနုပညာအမွေများကို လက်ဆင့်ကမ်းပေးအပ်နိုင်မည့် အမွေခံထိုက်သည့် သားကောင်းရတနာ၊ သမီးကောင်းရတနာများ ပေါ်ထွန်းလာခြင်းပင်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
ယခုကဲ့သို့ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးများ တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးတက်အောင်မြင်အောင် ကျင်းပပြီး ပြိုင်ပွဲကြီးများ၏ အကျိုးရလဒ်ကောင်းများ ကျယ်ပြန့်နက်ရှိုင်းစွာ တိုးပွားဖြစ်ထွန်းလာစေရေး ဝါရင့်သမ္ဘာရင့်အနုပညာရှင်ကြီးများအနေဖြင့် မျိုးဆက်သစ်အနုပညာရှင်များအပေါ် သားသမီးများသဖွယ်မေတ္တာထားပြီး အနုပညာအမွေ ဆက်လက်ဖြန့်ဝေပေးကြရန် မေတ္တာရပ်ခံတိုက်တွန်းလိုကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်သမ္မတက အဆိုအကဲဖြတ်လုပ်ငန်းအဖွဲ့ကိုယ်စား ဥက္ကဋ္ဌ အလင်္ကာကျော်စွာ ဒေါ်ရွှေကူနန်းနွဲ့နွဲ့၊ အကအကဲဖြတ်လုပ်ငန်းအဖွဲ့ကိုယ်စား ဥက္ကဋ္ဌ အလင်္ကာကျော်စွာ ဦးအောင်တင်ဝင်း၊ အရေးအကဲဖြတ်လုပ်ငန်းအဖွဲ့ကိုယ်စား ဥက္ကဋ္ဌ အလင်္ကာကျော်စွာ ဒေါက်တာ မောင်မောင်လတ်၊ အတီးအကဲဖြတ်လုပ်ငန်းအဖွဲ့ကိုယ်စား ဥက္ကဋ္ဌ ဦးစောဝင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အုပ်ချုပ်သူများကိုယ်စား ရှမ်းပြည်နယ်မှ အုပ်ချုပ်သူတစ်ဦး၊ အခမ်းအနားမှူးများကိုယ်စား အခမ်းအနားမှူးတစ်ဦးနှင့် မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ ဦးဖိုးချစ်တို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ပြီးနောက် အခမ်းအနားတက်ရောက်လာကြသူများ၊ ပြိုင်ပွဲဝင်များနှင့်အတူ ဂုဏ်ပြုညစာကို အတူတကွသုံးဆောင်ခဲ့သည်။