Eleven Media Group

အင်ဒိုနီးရှားတွင် တောမီးလောင်ကျွမ်းမှုများမှ ထွက်ရှိလာသည့် မီးခိုးငွေ့များကြောင့် လေထုညစ်ညမ်းမှုများဖြစ်ပွားပြီး စက်တင်ဘာလအတွင်း လူ ၃၅၀၀ ကျော်သေဆုံး

အင်ဒိုနီးရှားနိုင်ငံတွင် လပေါင်းများစွာကြာမြင့်ခဲ့သည့် တောမီးလောင်ကျွမ်းမှုများမှ ထွက်ရှိလာသည့် မီးခိုးငွေ့များကြောင့် လေထုညစ်ညမ်းမှုများဖြစ်ပွားပြီး စက်တင်ဘာလအတွင်း လူ ၃၅၆၀ ဦးခန့်သေဆုံးခဲ့ကြောင်း လေ့လာမှုအသစ်တစ်ခုတွင် ဖော်ပြထားသည်။

ထို့ပြင် စက်တင်ဘာလအတွင်း၌ပင် အင်ဒိုနီးရှားနိုင်ငံရှိ ပြည်သူ ၅၇ ဒသမ ၈ သန်းခန့်သည် ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် အဆင့်မှ အန္တရာယ်ရှိသော အဆင့်အထိ ရှိသည့် လေထုကို ရှူရှိုက်ခဲ့ရကြောင်း ဖင်လန်နိုင်ငံ ဟယ်ဆင်ကီးအခြေစိုက် စွမ်းအင်နှင့် သန့်ရှင်းသောလေထု သုတေသနဗဟိုဌာန (CREA) က ပြောကြားခဲ့သည်။

"အင်ဒိုနီးရှားနိုင်ငံမှာ သစ်တောနဲ့ မြေပြင် မီးလောင်ကျွမ်းမှုတွေကြောင့် လေထုအရည်အသွေး ဆိုးရွားလာရခြင်းဟာ ၂၀၂၆ ခုနှစ် စက်တင်ဘာလအတွင်း ခန့်မှန်းခြေ သေဆုံးသူ အရေအတွက်ကို ၃၅၆၀ အထိ ရောက်ရှိစေခဲ့ပြီး ဒါဟာ ဩဂုတ်လ ခန့်မှန်းချက်ထက် နှစ်ဆ မြင့်တက်လာတာ ဖြစ်ပါတယ်" ဟု CREA ၏ အောက်တိုဘာ ၂၉ ရက်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

CREA ၏ လေ့လာမှုတွင် ရက်ပိုင်းမျှသာရှိသော ကာလတိုအတွင်း PM2.5 အမှုန်အမွှား ညစ်ညမ်းမှုကြောင့် သေဆုံးရသူ အရေအတွက်ကို ခန့်မှန်းတွက်ချက်ထားခြင်း ဖြစ်သည်။

PM2.5 အမှုန်အမွှားများသည် အဆုတ် သို့မဟုတ် သွေးကြောအတွင်းသို့ ဝင်ရောက်နိုင်သည်အထိ သေးငယ်ပြီး၊ အဆိုပါ အမှုန်အမွှားများကို ရှူရှိုက်မိခြင်းသည် ရောဂါဖြစ်ပွားနိုင်ခြေနှင့် အချိန်မတိုင်မီ သေဆုံးနိုင်ခြေကို ပိုမိုမြင့်မားစေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကဖော်ပြထားသည်။

ခန့်မှန်းခြေ သေဆုံးသူအများစုမှာ အင်ဒိုနီးရှားပိုင် ဘော်နီယိုကျွန်း အစိတ်အပိုင်းအပြင် ဂျာဗားနှင့် ဆူမားတြားကျွန်းများ၊ အရှေ့ဘက် ဒေသများမှဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

သုတေသနပညာရှင်များသည် မြို့ပြ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ စက်မှုလက်မှုလုပ်ငန်းများနှင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများမှ ထွက်ရှိသည့် တောမီးကြောင့် မဟုတ်သော အခြား လေထုညစ်ညမ်းမှုများကိုလည်း လေ့လာခဲ့ကြပြီး၊ အဆိုပါ ညစ်ညမ်းမှုများကြောင့် စက်တင်ဘာလအတွင်း လူ ၁၇၅၀ ထပ်မံ သေဆုံးခဲ့ရသဖြင့် သန်း ၂၉၀ ခန့်ရှိသော အင်ဒိုနီးရှားနိုင်ငံ၌ လေထုညစ်ညမ်းမှုကြောင့် စုစုပေါင်း သေဆုံးသူ ၅၃၁၀ ဦးအထိ ရှိခဲ့ကြောင်း တွေ့ရှိခဲ့ကြသည်။

စက်တင်ဘာလ တစ်လအတွင်းမှာပင် လေထု ညစ်ညမ်းမှု ထိတွေ့သည့်အဆင့်သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ နှစ်စဉ် PM2.5 သတ်မှတ်စံနှုန်းထက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၇ ဆကျော်၊ ဆူမားတြား ကျွန်းတွင် ၁၀ ဆနှင့် ဘော်နီယို ကျွန်းပေါ်ရှိ ကာလီမန်တန်ဒေသတွင် စိုးရိမ်ဖွယ်ရာ ၂၄ ဆအထိ ကျော်လွန်ခဲ့ကြောင်း အစီရင်ခံစာက ဖော်ပြထားသည်။

ထို့ပြင် လေထုညစ်ညမ်းမှုများကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြင်းထန် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ ဖြစ်ပွားသူပေါင်း ၃၃၀၀၀၀ ကျော် ရှိခဲ့သည်။

Ref:AFP

မူရင်းသတင်း — Eleven Media Group