
တောင်ကိုရီးယားနိုင်ငံတွင် မာရှယ်လောစစ်အုပ်ချုပ်ရေး ကြေညာရန် ကြိုးပမ်းခဲ့မှုနှင့်ပတ်သက်၍ သမ္မတဟောင်းယွန်းဆော့ယိုကို သေဒဏ်ချမှတ်ရန် အစိုးရရှေ့နေများက ထပ်မံတောင်းဆိုလိုက်သည်။
အထူးအစိုးရရှေ့နေ ချိုအွန်ဆော့ ဦးဆောင်သည့်အဖွဲ့က အောက်တိုဘာ ၂၉ ရက်တွင် ဆိုးလ်အယူခံတရားရုံး ကြားနာမှုအတွင်း ထပ်မံတောင်းဆိုခဲ့ခြင်းဖြစ်ကာ ယွန်း၏လုပ်ရပ်သည် တောင်ကိုရီးယား ဒီမိုကရေစီစနစ်ကို ခြိမ်းခြောက်ခဲ့ကြောင်း လျှောက်လဲခဲ့ကြသည်။ ယွန်းဆော့ယိုသည် အာဏာသိမ်းရန်ကြိုးပမ်းမှုကို ဦးဆောင်ခဲ့ကြောင်း ပြစ်မှုထင်ရှားသဖြင့် ယခုနှစ် ဖေဖော်ဝါရီတွင် ထောင်ဒဏ်တစ်သက် ချမှတ်ခံထားရသူဖြစ်သည်။
တောင်ကိုရီးယားတွင် သေဒဏ်ကို ဥပဒေအရ ဆက်လက်ထားရှိသော်လည်း ၁၉၉၇ ခုနှစ်နောက်ပိုင်း သေဒဏ်စီရင်မှု မရှိတော့ပေ။ သို့သော် ထိုအချက်ကြောင့် ယွန်းဆော့ယိုကို သေဒဏ်ချမှတ်ရန် အဟန့်အတား မဖြစ်သင့်ကြောင်း အစိုးရရှေ့နေများက တရားရုံးတွင် တင်ပြကြသည်။
ယွန်းသည် ၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာ ၃ ရက်တွင် စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် စစ်သားနှင့်ရဲများကို တောင်ကိုရီးယား လွှတ်တော်အဆောက်အအုံအတွင်းသို့ စေလွှတ်ခဲ့သည်။ သို့သော် လွှတ်တော်အမတ်များက လုံခြုံရေးအတားအဆီးများကို ကျော်ဖြတ်ကာ စစ်အုပ်ချုပ်ရေး ကြေညာချက်ကို ပယ်ဖျက်ရန် မဲခွဲဆုံးဖြတ်ခဲ့သဖြင့် ကြေညာပြီး ခြောက်နာရီခန့်အကြာမှာပင် စစ်အုပ်ချုပ်ရေးကိုအမိန့်ကို ရုပ်သိမ်းလိုက်ရသည်။
အောက်တရားရုံး၏ ဆုံးဖြတ်ချက်အရ ယွန်းဆော့ယိုသည် လွှတ်တော်လုပ်ငန်းများ ရပ်တန့်သွားစေရန်၊ နိုင်ငံရေးပြိုင်ဘက်များကို ဖမ်းဆီးထိန်းသိမ်းရန်နှင့် နိုင်ငံအာဏာကို အချိန်ကြာမြင့်စွာ ဆက်လက်ချုပ်ကိုင်ထားရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။ သို့သော် သမ္မတဟောင်း၏ ရှေ့နေများက ၎င်း၏ ရည်ရွယ်ချက်မှာ အာဏာရှင်စနစ် ထူထောင်ရန် မဟုတ်ဘဲ အတိုက်အခံပါတီက ထိန်းချုပ်ထားသည့် လွှတ်တော်အနေဖြင့် အစိုးရလုပ်ငန်းများကို ဟန့်တားနေသည်ဟု ယူဆသည့်အတွက် သတိပေးရန်သာဖြစ်ကြောင်း အောက်တိုဘာ ၂၉ ရက်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
အယူခံတရားရုံးက နောက်ထပ်ကြားနာမှုနှစ်ကြိမ် ပြုလုပ်ရန် စီစဉ်ထားပြီး နိုဝင်ဘာ ၅ ရက်တွင် ယွန်းဆော့ယို၏ နောက်ဆုံးလျှောက်လဲချက်ကို ကြားနာမည်ဖြစ်သည်။