Eleven Media Group

■ မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA) နှင့် Terror Esports တို့အကြား နားလည်မှုစာချွန်လွှာ MoU လက်မှတ်ရေးထိုး

မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MYDA) နှင့် Terror Esports တို့အကြား MoU လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ရန်ကုန်မြို့ ၊ဦးဝိစာရလမ်းရှိ RAW Coffee Lounge ၌ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၃၀ ရက် မွန်းလွဲ ၂ နာရီခွဲ က ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

နားလည်မှုစာချွန်လွှာ MoU လက်မှတ်ရေးထိုးရခြင်း၏ရည်ရွယ်ချက်မှာ "Electronic Sport(Esports)သည် မြန်မာနိုင်ငံတွင် လူငယ်များအကြား အလျင်အမြန်ဖွံ့ဖြိုးတိုးတက်လာသော နယ်ပယ်တစ်ခုဖြစ်သည်နှင့်အညီ မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA)နှင့် Terror Esport Organizationတို့ ပူးပေါင်း၍ မြန်မာနိုင်ငံတဝန်းလုံးရှိ Esports ဝါသနာရှင်လူငယ်များအား ရှာဖွေရွေးချယ်ပြီး ပြိုင်ပွဲများကျင်းပပေးခြင်း၊ထူးချွန်ထက်မြက်သော Esports ဝါသနာရှင်လူငယ်များအား ကမ္ဘာ့စင်မြင့်ထက်ရှိ Esports ပြိုင်ပွဲများအထိ သွားရောက်ယှဉ်ပြိုင်၍ အောင်မြင်မှုရယူစေခြင်းဖြင့် နိုင်ငံတော်အတွက်အကျိုးပြုသော လူငယ်ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တစ်ခုဖြစ်လာစေရန်" ရည်ရွယ်ကြောင်း သိရသည်။

Terror Esportsသည် မြန်မာနိုင်ငံ၏ Esports လောကတွင် ထင်ရှားအောင်မြင်နေသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး Terror Queens ဟူသောအမည်ဖြင့် အမျိုးသမီး Esportsအသင်းအဖြစ် ၂၀၂၅ ခုနှစ်၊ဇန်နဝါရီလတွင် စတင်တည်ထောင်ခဲ့သည်။ ထို့နောက် အမျိုးသား ၊အမျိုးသမီး ကဏ္ဍစုံလင်စွာဖြင့် နိုင်ငံတကာအဆင့်မီ Terror Esports အဖွဲ့အစည်းကြီးအဖြစ် အောင်မြင်စွာအသွင်ကူးပြောင်းနိုင်ခဲ့ပါသည်။ လက်ရှိအချိန်တွင်လည်း Terror Esports အနေဖြင့် Esports ဂိမ်းကဏ္ဍများတွင် Professional ကစားသမားများဖြင့် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပါသည်။

အဆိုပါ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပွဲအခမ်းနားသို့ မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA)ဥက္ကဋ္ဌ ဦးဇော်မျိုးအောင် ၊အကြီးတန်းအကြံပေး ဦးစည်သူ၊ဒုတိယဥက္ကဋ္ဌ(၃) ၊ရန်ကုန်တိုင်းဒေသကြီးရုံးခွဲတာဝန်ခံ ဦးခန့်မင်းသျှင် ၊ဘဏ္ဍာရေးမှူး ဒေါ်ခင်နှင်းထက်အောင် ၊တွဲဖက်ဘဏ္ဍာရေးမှူး ဦးရဲရင့်၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရေးမှူး ဦးအောင်မင်းပိုင်နှင့် Terror Esportsမှ Chief Executive Officer ဦးစိုင်းထွန်းလင်း ၊ Esports Director ဦးထွန်းအောင်လင်းတို့တက်ရောက်ခဲ့ကြပြီး ယခု နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပွဲမှသည် မကြာမီအချိန်အတွင်း Esports ဝါသနာရှင်လူငယ်များအတွက် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းသော ပြိုင်ပွဲအစီအစဉ်များနှင့် ပိုမိုကောင်းမွန်သော အခွင့်အလမ်းများ၊အနာဂတ်များအား ပုံဖော်ထုဆစ်ဖန်တီးပေးမည်ဖြစ်ကြောင်းသိရသည်။

ပြည်နယ်နှင့်တိုင်းအလိုက် ESports ပြိုင်ပွဲများကို တနှစ်အတွင်း ကျယ်ကျယ်ပြန့်ပြန့်ကျင်းပကာ Talented Youth များကို ရွေးချယ်သွားနိုင်ရေးအတွက် သက်ဆိုင်ရာ အားကစားရေးရာဝန်ကြီးဌာနသို့ တင်ပြကာ ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group