Eleven Media Group

Nway Oo Hti Website မှတစ်ဆင့် တရားမဝင်ထီရောင်းချသူ ကိုယ်စားလှယ်နှစ်ဦးကို  ဖမ်းဆီး

NUG အဖွဲ့အတွက် Nway Oo Hti Website မှတစ်ဆင့် တရားမဝင်ထီရောင်းချသူ ကိုယ်စားလှယ်နှစ်ဦးကို ဖမ်းဆီးရမိကြောင်း သိရသည်။

၂၀၂၁ ခုနှစ် ဩဂုတ်လခန့်မှစတင်၍ Nway Oo Hti Website အား အသုံးပြုကာ တရားမဝင်ထီရောင်းချခြင်းလုပ်ငန်းအား ဆောင်ရွက်လျက်ရှိပြီး အဆိုပါလုပ်ငန်းမှရရှိငွေများအား အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်နေသည့် အဖွဲ့များထံသို့ ထောက်ပံ့လျက်ရှိကြောင်း၊ NUG အဖွဲ့သည် နွေဦးထီရောင်းချနိုင်ရန်အတွက် ၎င်းတို့ကိုထောက်ခံအားပေးသူများအား ကိုယ်စားလှယ်အဖြစ်ထားရှိ၍ တရားမဝင်နွေဦးထီအား ရောင်းချလျက်ရှိကြောင်း သိရသည်။

အဆိုပါတရားမဝင် နွေဦးထီရောင်းချသူကိုယ်စားလှယ်များအား ဖမ်းဆီးရမိရေးဆက်လက်ဆောင်ရွက်ခဲ့ရာ တရားမဝင်နွေဦးထီရောင်းချသူ ကိုယ်စားလှယ်များဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်နေ နန္ဒာလှိုင်နှင့် ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နေ ဆုမြတ်ဝေ(ခ)လေးပေါင်တို့နှစ်ဦးအား ဖော်ထုတ်ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူ နန္ဒာလှိုင်သည် PRF ၏ ထောက်ပို့အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလခန့်မှစ၍ နွေဦးထီရောင်းချသူကိုယ်စားလှယ်အဖြစ် လုပ်ကိုင်ဆောင်ရွက်ခဲ့ကြောင်း၊ နွေဦးထီပေါက်သူများအား တရားမဝင် SDB ဘဏ် အကောင့်အသုံးပြု၍ ၎င်းမှတစ်ဆင့်ပြန်လည်လွှဲပေးရသူဖြစ်ကြောင်း၊ ဖမ်းဆီးရမိသူ ဆုမြတ်ဝေ(ခ)လေးပေါင်သည် PRF ၏ ထောက်ပို့အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ၂၀၂၅ ခုနှစ် ဇွန်လမှစ၍ တရားမဝင်နွေဦးထီရောင်းချသူကိုယ်စားလှယ်အဖြစ် လုပ်ကိုင်ဆောင်ရွက်ခဲ့ပြီး ၎င်းကိုယ်တိုင် တရားမဝင်နွေဦးထီများအား လစဉ်ဝယ်ယူခဲ့ကြောင်းနှင့် ထီရောင်းချရသည့်ငွေများအား အကြမ်းဖက်အဖွဲ့များထံသို့ လွှဲပြောင်းပေးပို့ခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူနှစ်ဦးသည် PRF ၏ ထောက်ပို့အဖွဲ့ဝင်များအဖြစ်ဆောင်ရွက်ခြင်း၊ ထောက်ပို့ငွေများအား ငွေပေး/ငွေယူပြုလုပ်၍ လွှဲပြောင်းပေးခြင်း၊ တရားမဝင်နွေဦးထီလုပ်ငန်းတွင် ထီရောင်းချသူကိုယ်စားလှယ်အဖြစ် ပါဝင်ဆောင်ရွက်ခြင်းတို့ကြောင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး NUG အဖွဲ့၏ တရားမဝင်နွေဦးထီ ရောင်းချသူကိုယ်စားလှယ်အဖြစ်ဆောင်ရွက်သူများ၊ ဝယ်ယူအားပေးသူများနှင့်ပါဝင်ပတ်သက်သူများကို ဆက်လက်ဖော်ထုတ်ဖမ်းဆီးသွားမည်ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group