
ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ်တည်ဆောက်ရေးစီမံကိန်း ဦးဆောင်ကော်မတီ ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးက အမိန့်ကြေငြာစာအမှတ် ၁၂၆/၂၀၂၆ ဖြင့် ထုတ်ပြန်သည်။
အဆိုပါ ဦးဆောင်ကော်မတီတွင် ဒုသမ္မတ(၁)က ဥက္ကဋ္ဌ အဖြစ် ဦးဆောင်ကာ ပို့ဆောင်ရေးဝန်ကြီးဌာန၊အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ဥပဒေရေးရာဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ဝန်ကြီးချုပ်များ၊ ဗဟိုဘဏ်၊ စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးမှ အစရှိသူတို့ ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကော်မတီအနေဖြင့် ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရေးလုပ်ငန်းများ သွက်လက်လျင်မြန် အဆင်ပြေ ချောမွေ့စေရေးအတွက် ပေါင်းစပ်ညှိနှိုင်းကြီးကြပ်ဆောင်ရွက်ရန် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရသည်။
ကော်မတီ၏ တာဝန်များမှာ နိုင်ငံတော်စီမံကိန်းအဖြစ် ဆောင်ရွက်နိုင်ရေးအတွက်လိုအပ်သောအမျိုးသားအဆင့် မူဝါဒများချမှတ်ခြင်း၊ စီမံကိန်းကို နှောင့်နှေးမှုမရှိဘဲ အောင်မြင်စွာ စတင်အကောင် အထည်ဖော်နိုင်ရေးအတွက် လိုအပ်သည့် လမ်းညွှန်မှုများ ချမှတ်ပေးခြင်း၊ သက်ဆိုင်သည့် ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ကို ဆောင်ရွက်ရမည့် စီမံကိန်းဆိုင်ရာ ကိစ္စရပ်များအား ပေါင်းစပ်ညှိနှိုင်းပေးခြင်း၊ ဘဏ္ဍာငွေခွဲဝေမှု၊ ခရီးသည်ခွဲဝေမှုတို့နှင့်ပတ်သက်သည့် မူဝါဒများချမှတ်ခြင်း၊ ငွေစာရင်းတွက်ချက်မှု၊ စစ်ဆေးမှုများနှင့်ပတ်သက်၍ လိုအပ်သောမူဝါဒများချမှတ်ခြင်း၊ Concession ကာလနှင့်ပတ်သက်သည့် မူဝါဒချမှတ်ပေးခြင်း၊ စီမံကိန်းအကောင် အထည်ဖော်ရေး လုပ်ငန်းစဉ်များ၏ တိုးတက်မှုကို စောင့်ကြည့်ကြပ်မတ်ခြင်း၊ ဦးဆောင်ကော်မတီ အစည်းအဝေးအား လိုအပ်ချိန်တွင် ကျင်းပနိုင်ရေးလမ်းညွှန်ပေးခြင်း၊ လုပ်ငန်းကော်မတီအား ဖွဲ့စည်းပေးခြင်း အစရှိသည်တို့ဖြစ်ကြောင်း သိရသည်။