Eleven Media Group

မြောက်ကိုရီးယားကို နျူကလီးယားဖျက်သိမ်းရန် လုပ်ဆောင်မည့် ကတိကဝတ်များကို  အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့ ထပ်မံအတည်ပြု

မြောက်ကိုရီးယားကို နျူကလီးယားဖျက်သိမ်းရန် လုပ်ဆောင်မည့် ကတိကဝတ်များကို အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့က အောက်တိုဘာ ၃၁ ရက်တွင် ထပ်မံအတည်ပြုခဲ့သည်။မြောက်ကိုရီးယားက အမေရိကန်နှင့် ဖြစ်နိုင်ခြေရှိသော ဆွေးနွေးပွဲများမတိုင်မီ နျူကလီးယားဖျက်သိမ်းရေးကို ငြင်းဆန်နေချိန်တွင် အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့က ထိုကဲ့သို့ ကတိပြုခဲ့ခြင်းဖြစ်သည်။အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်သည် နျူကလီးယားဆိုင်ရာ ဆွေးနွေးပွဲများအတွက် မြောက်ကိုရီးယားကို ထပ်တလဲလဲ ကမ်းလှမ်းမှုများ ပြုလုပ်ထားပြီး လာမည့်လတွင် တရုတ်နိုင်ငံ၌ ကျင်းပမည့် APEC ထိပ်သီးအစည်းအဝေးတွင် အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်နှင့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်တို့ကြား တွေ့ဆုံနိုင်ခြေ အပေါ် ခန့်မှန်းတွက်ဆမှုများ မြင့်တက်လျက်ရှိသည်။

အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ် အတ္တလန်တာမြို့၌ ကျင်းပသည့် စက်မှုထိပ်သီး နိုင်ငံ ၂၀ (G20) အစည်းအဝေး၏ ဘေးပန်းဆွေးနွေးပွဲများအတွင်း အောက်တိုဘာ ၃၀ ရက်က ပြုလုပ်ခဲ့သော ဆွေးနွေးပွဲများ၌ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို၊ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချိုဟျွန်နှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး တိုရှီမစ်ဆု မိုတေဂီတို့သည် မြောက်ကိုရီးယားနိုင်ငံ၏ အလုံးစုံ နျူကလီးယား လက်နက်ဖျက်သိမ်းရေးနှင့်ပတ်သက်ပြီး မိမိတို့၏ ပြတ်သားသော ကတိကဝတ်ကို ထပ်လောင်း အတည်ပြုခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ထို့ပြင် မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးကျည်ဆိုင်ရာ အစီအစဉ်များအတွက် ဝင်ငွေ ထောက်ပံ့မှုကို ပိတ်ပင်ခြင်း အပါအဝင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များကို အပြည့်အဝ အကောင်အထည်ဖော် ဆောင်ရွက်သွားရန်လည်း ကတိပြုခဲ့ကြသည်။
ကာလကြာရှည် ကျင့်သုံးလာခဲ့သည့် ကုလသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှုများ ရှိနေလင့်ကစား၊ ရုရှားနှင့် တရုတ်နိုင်ငံတို့၏ ကျောထောက်နောက်ခံပြုမှုကို ရရှိထားသော မြောက်ကိုရီးယားနိုင်ငံသည် ၎င်း၏အခြေခံဥပဒေတွင် နျူကလီးယား လက်နက်ပိုင်ဆိုင်သော နိုင်ငံအဆင့်အတန်းကို ထည့်သွင်းပြဋ္ဌာန်းခဲ့သည်။

ထို့ပြင်မြောက်ကိုရီးယားအစိုးရကလည်း ၎င်းတို့၏ နျူကလီးယားလက်နက်တိုက်သည် ထာ၀ရတည်မြဲပြီး ပြန်လည်ပြင်ဆင်၍ မရနိုင်ကြောင်း ထပ်ခါတလဲလဲ ကြေညာခဲ့သည်။သမ္မတ ထရန့်သည် မဟာမိတ် တောင်ကိုရီးယားနိုင်ငံနှင့် ပူးတွဲပြုလုပ်သည့် စစ်ရေးလေ့ကျင့်မှုများကို လျှော့ချခဲ့ချိန်အတွင်း နျူကလီးယားဆိုင်ရာ ဆွေးနွေးပွဲများအတွက် မြောက်ကိုရီးယားသို့ ထပ်တလဲလဲ ကမ်းလှမ်းခဲ့သည်။ထို့ပြင် ထရန့်က မြောက်ကိုရီးယားသည် နျူကလီးယား အင်အားကြီးနိုင်ငံဖြစ်နေပြီဟု ပြီးခဲ့သည့်နှစ်က ဝန်ခံခဲ့ခြင်းဖြင့် အမေရိကန်၏ ကာလရှည်ကြာ ဆုပ်ကိုင်ထားသော မူဝါဒကိုပင် ဆန့်ကျင်ဖောက်ဖျက်ခဲ့ပြီး တွေ့ဆုံပွဲအတွက် မိမိဘက်မှ ၁၀၀ ရာခိုင်နှုန်းအသင့်ရှိကြောင်း ပြောကြားကာ မြောက်ကိုရီးယားသို့ ဆွေးနွေးရန် ဆက်သွယ်ခဲ့သော်လည်း မြောက်ကိုရီးယားက တုံ့ပြန်ခဲ့ခြင်းမရှိပေ။

လေ့လာဆန်းစစ်သူများနှင့် တောင်ကိုရီးယား၏ ထောက်လှမ်းရေး အေဂျင်စီက မြောက်ကိုရီးယားခေါင်းဆောင် ကင်သည် မကြာသေးမီက တရုတ်နယ်စပ်မြို့ဖြစ်သော တန်တုန်းသို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း ထရန့်နှင့် ဖြစ်နိုင်ခြေရှိသော ဆွေးနွေးပွဲများအပေါ် မြောက်ကိုရီးယား၏ ရပ်တည်ချက်ကို တရုတ်သို့ အသိပေး အကြောင်းကြားခဲ့ခြင်း ဖြစ်နိုင်ကြောင်း ပြောကြားကြသည်။မြောက်ကိုရီးယားနှင့် ကြိုတင်သတ်မှတ်ချက်များ မပါဘဲ ဆွေးနွေးပွဲများ ပြုလုပ်ရန် ထပ်တလဲလဲ ကမ်းလှမ်းခဲ့သည့် တောင်ကိုရီးယား၏ ငြိမ်းချမ်းရေးလိုလားသော သမ္မတ လီဂျေမြောင်က အမေရိကန်အနေဖြင့် မြောက်ကိုရီးယား၏ နျူကလီးယား စီမံကိန်းအား ချက်ချင်း အလုံးစုံဖျက်သိမ်းရေးထက် ပိတ်ဆို့အရေးယူမှုများ ဖြေလျှော့ပေးခြင်းဖြင့် မြောက်ကိုရီးယား၏ နျူကလီးယားစီမံကိန်းအား ဆိုင်းငံ့ထားရေးကိုသာ ကြိုးပမ်းသင့်ကြောင်း စက်တင်ဘာလအတွင်းက အကြံပြုခဲ့သည်။
ဝေဖန်သူများကမူ ထိုကဲ့သို့သော ချဉ်းကပ်မှုသည် မြောက်ကိုရီးယားအား နျူကလီးယား လက်နက်ပိုင်ဆိုင်သည့် နိုင်ငံအဖြစ် တိတ်တဆိတ် လက်ခံလိုက်သည့် အန္တရာယ် ရှိစေပြီး၊ မြောက်ကိုရီးယားအနေဖြင့် ၎င်း၏ နျူကလီးယားလက်နက်တိုက်ကို စွန့်လွှတ်ခြင်း မရှိဘဲ ပိတ်ဆို့အရေးယူမှုများ ဖြေလျှော့ပေးရေးကို ရရှိသွားစေနိုင်ကြောင်း ပြောကြားခဲ့ကြသည်။

လေ့လာဆန်းစစ်သူများက တရုတ်နိုင်ငံသည်လည်း မြောက်ကိုရီးယား၏ နျူကလီးယားစီမံကိန်းကို တိတ်တဆိတ် လက်ခံသည့် ဘက်သို့ ဦးတည်သွားဖွယ် ရှိကြောင်း ပြောကြားကြပြီး၊ ဇွန်လအတွင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်နှင့် တရုတ် သမ္မတ ရှီကျင်းပင်တို့ တွေ့ဆုံအပြီး ထုတ်ပြန်ချက်များတွင် မြောက်ကိုရီးယား နျူကလီးယား ဖျက်သိမ်းရေးဆိုင်ရာအချက်အား ချန်လှပ်ခဲ့ခြင်းကို ထောက်ပြခဲ့သည်။မြောက်ကိုရီးယားက ၎င်းအပေါ် ပိတ်ဆို့အရေးယူမှုများ အကောင်အထည်ဖော်မှုကို စောင့်ကြည့်နေသည့် နိုင်ငံများ၏ အောက်တိုဘာ ၃၁ ရက်ထုတ်ပြန်ချက်အား ပြစ်တင်ရှုတ်ချခဲ့ပြီး အမေရိကန်နှင့် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုဆိုင်ရာ ဆူပူလှုံ့ဆော်မှုများသည် နျူကလီးယား လက်နက်ပိုင်ဆိုင်သည့် မြောက်ကိုရီးယားနိုင်င်၏ ရပ်တည်ချက်ကို လုံးဝ လွှမ်းမိုးနိုင်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။


Ref: AFP

မူရင်းသတင်း — Eleven Media Group