Eleven Media Group

ထိုင်းနိုင်ငံတွင် ကျင်းပသည့် စွမ်းအင်ဆိုင်ရာအစည်းအဝေးများသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး တက်ရောက်ပြီး ရုရှားနိုင်ငံမှ LNG ကို မြန်မာနိုင်ငံသို့ သယ်ဆောင်ကာ ထိုင်းနိုင်ငံနှင့် မျှဝေသုံးစွဲမည့်ကိစ္စများနှင့် အခြားကိစ္စရပ်များ ဆွေးနွေး

ထိုင်းနိုင်ငံတွင် ကျင်းပသည့် စွမ်းအင်ဆိုင်ရာအစည်းအဝေးများသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး တက်ရောက်ပြီး ရုရှားနိုင်ငံမှ LNG ကို မြန်မာနိုင်ငံသို့ သယ်ဆောင်ကာ ထိုင်းနိုင်ငံနှင့် မျှဝေသုံးစွဲမည့်ကိစ္စများနှင့် အခြားကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။

စွမ်းအင်ဆိုင်ရာလုပ်ငန်းများဆောင်ရွက်ရန် ထိုင်းနိုင်ငံသို့ ရောက်ရှိနေသော လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ထိုင်းနိုင်ငံဆိုင်ရာမြန်မာ သံအမတ်ကြီးနှင့်အတူ အောက်တိုဘာ ၃၁ ရက်တွင် ထိုင်းနိုင်ငံ စွမ်းအင်ဝန်ကြီး H.E. Mr. Akanat Promphan နှင့်လည်းကောင်း၊ ရုရှားနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး H.E. Mr. Maxim Reshetnikov နှင့်လည်းကောင်း သီးခြားစီ တွေ့ဆုံခဲ့ပြီး မြန်မာ-ထိုင်း-ရုရှား (၃)နိုင်ငံ စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများအတွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲများတွင် မြန်မာနိုင်ငံ ထားဝယ်ဒေသစီမံကိန်းများသည် ဒေသတွင်းနိုင်ငံများနှင့် ကုန်စည်ကူးသန်းရောင်းဝယ်နိုင်ရန်အတွက် အချက်အခြာကျသည့် နေရာတစ်ခုဖြစ်လာမည့် အခြေအနေများ၊ သုံးနိုင်ငံစလုံးအတွက် အကျိုးဖြစ်ထွန်းစေမည့် စီမံကိန်းဖြစ်၍ အမြန်ဆုံး အကောင်အထည်ဖော်ပြီးမြောက်စေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်လျက်ရှိသည့် အခြေအနေများ၊ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့၏ စွမ်းအင်လိုအပ်ချက်သည် မြင့်တက်လျက်ရှိရာ နှစ်နိုင်ငံပူးပေါင်း၍ ဖြေရှင်းနိုင်ရန် ကြိုးစားနေမှုအခြေအနေများ၊ LNG သည် ကျစ်လစ်သိပ်သည်းစွာ သယ်ဆောင်နိုင်ပြီး သန့်ရှင်းသည့် စွမ်းအင်အဖြစ် သတ်မှတ်ထားကြသည်ဖြစ်ရာ ယနေ့စွမ်းအင်အသွင်ကူးပြောင်းရေးကာလတွင် အထူးအရေးပါသည့် စွမ်းအင်ဖြစ်နေသည့်အတွက် LNG ကုန်သွယ်မှုများ မြင့်တက်လာနေသည့် အခြေအနေများ ဆွေးနွေးခဲ့ကြောင်း သိရသည်။

အလားတူ ရုရှားနိုင်ငံမှ LNG ကို မြန်မာနိုင်ငံသို့သယ်ဆောင်ပြီး ထိုင်းနိုင်ငံအနေဖြင့်လည်း မျှဝေသုံးစွဲနိုင်ခြင်းဖြင့် မြန်မာနှင့်ထိုင်း နှစ်နိုင်ငံ စွမ်းအင်အခက်အခဲကို ဖြေရှင်းနိုင်မည့်အခြေအနေများ၊ ထားဝယ်ဒေသမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့လည်းကောင်း၊ ထိုင်းနိုင်ငံအတွင်းသို့လည်းကောင်း သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ သွယ်တန်းပြီးဖြစ်ရာ ယင်းအခြေခံကောင်းများကိုအသုံးချ၍ ထားဝယ်ဒေသတွင် LNG Terminal တည်ဆောက်နိုင်သည့် အခြေအနေများ၊ မြန်မာနိုင်ငံနှင့်ရှရှားနိုင်ငံတို့အကြား LNG အပါအဝင် လောင်စာဆီ တင်ပို့နိုင်ရေးအတွက် MOU ရေးထိုးပြီးဖြစ်သကဲ့သို့ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် မကြာမီအချိန်အတွင်း လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်ရေးအတွက် MOU ရေးထိုးနိုင်တော့မည်ဖြစ်ရာ သုံးနိုင်ငံပူးပေါင်း၍ စွမ်းအင်ကုန်သွယ်မှုများ စတင်နိုင်ရန် အချိန်အခါကောင်း ဖြစ်သည့်အခြေအနေများ၊ မြန်မာ-ထိုင်း-ရုရှား (၃) နိုင်ငံ ပူးပေါင်း၍ ထားဝယ်ဒေသတွင် ရင်းနှီးမြှုပ်နှံ၍ ဆက်လက်ဆောင်ရွက်သွားကြမည့် စီမံကိန်း လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group