Eleven Media Group

မြန်မာ-အိန္ဒိယ 8th Army to Army Staff Talks အစည်းအဝေးကျင်းပ

မြန်မာ-အိန္ဒိယ 8th Army to Army Staff Talks အစည်းအဝေးကို အောက်တိုဘာ ၂၈ ရက်နှင့် ၂၉ ရက် နံနက်ပိုင်းတို့တွင် နေပြည်တော်ရှိ Park Royal Hotel ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်နှင့် တပ်မတော်အရာရှိကြီးများ၊ အိန္ဒိယတပ်မတော်မှ Major General Mahipal Singh Rathore (Additional Director General of International Cooperation) ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် မြန်မာ့တပ်မတော်အဖွဲ့ခေါင်းဆောင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်နှင့် အိန္ဒိယတပ်မတော်မှ အဖွဲ့ခေါင်းဆောင် Major General Mahipal Singh Rathore (Additional Director General of International Cooperation) တို့က နှုတ်ခွန်းဆက်စကားများ အသီးသီးပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးဆုံးဖြတ်ချက်များနှင့် ဆောင်ရွက်ပြီးစီးမှုများကို ဖတ်ကြားရှင်းလင်းကြကာ နှစ်နိုင်ငံအဖွဲ့ခေါင်းဆောင်များက နိဂုံးချုပ်အမှာစကားများ အသီးသီးပြောကြားခဲ့သည်။

ယင်းနောက် အမှတ်တရပစ္စည်းများ အပြန်အလှန်လဲလှယ်ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အိန္ဒိယတပ်မတော် ကိုယ်စားလှယ်အဖွဲ့အား အောက်တိုဘာ ၂၈ ရက် ညပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်က ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

မြန်မာ-အိန္ဒိယ 8th Army to Army Staff Talks အစည်းအဝေးသို့ တက်ရောက်လာကြသည့် အိန္ဒိယတပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးနှင့် မဟာသကျရံသီဘုရားအား သွားရောက်ဖူးမြော်ကြည်ညိုခဲ့သည့်အပြင် ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ်ရှိ အင်းလေးကန်သို့ သွားရောက်လေ့လာလည်ပတ်ခဲ့ကြကြောင်း သတင်းရရှိသည်။

မူရင်းသတင်း — Eleven Media Group