
ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ တရားမဝင်အဆောက်အအုံ ၆၃ လုံးအနက် ရှစ်လုံးကို ဖြိုချခဲ့ပြီး ကျန် ၅၅ လုံးကို ဆက်လက်ဖြိုချဖျက်ဆီးသွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ လူမှုစီးပွားနယ်ပယ်နှင့် အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်လာသည့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ပပျောက်စေရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့်ပူးပေါင်းကာ အပြီးတိုင်လုံးဝပပျောက်သွားစေရေး ဆောင်ရွက်လျက်ရှိရာ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ အများဆုံးလုပ်ကိုင်ခဲ့သည့် ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ တရားမဝင်အဆောက်အအုံများ၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ထပ်မံလုပ်ကိုင်နိုင်ခြင်းမရှိစေရန် အဆိုပါအဆောက်အအုံများအား အပြီးတိုင်ဖြိုချဖျက်ဆီးခြင်းများကို စနစ်တကျဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်ခဲ့သည့် ဖြိုချဖျက်ဆီးရန်ကျန် တရားမဝင် အဆောက်အအုံများအနက် ယာဉ်ယန္တရားများအသုံးပြု၍ ဖြိုချဖျက်ဆီးလျက်ရှိသည့် ခြောက်ထပ်အဆောက်အအုံ တစ်လုံးအား အောက်တိုဘာ ၃၁ ရက်အထိ ၅၀ ရာခိုင်နှုန်း ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်း၊ ထပ်မံ၍ ခြောက်ထပ်အဆောက်အအုံတစ်လုံးအား ယာဉ်ယန္တရားများဖြင့် ဖြိုချဖျက်ဆီးမှုမှာ အောက်တိုဘာ ၃၁ ရက်တွင် ၂၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။
ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ ဖြိုချဖျက်ဆီးမည့် အဆောက်အအုံ ၆၃ လုံးအနက် ဖောက်ခွဲ၍ဖြိုချမည့်အဆောက်အအုံ လေးလုံးနှင့် ယာဉ်ယန္တရားများဖြင့် ဖြိုချဖျက်ဆီးမည့် အဆောက်အအုံများအနက် လေးလုံးတို့အား ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်းနှင့် ဖြိုချဖျက်ဆီးရန်ကျန်ရှိသည့် အဆောက်အအုံ ၅၅ လုံးကိုလည်း ဆက်လက်၍ စနစ်တကျ ဖြိုချဖျက်ဆီးသွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ထိထိရောက်ရောက် အလေးထား နှိမ်နင်းလျက်ရှိကြောင်း သိရသည်။