
ပါကင်ဆန်ရောဂါ ကုသရန်ရည်ရွယ်သည့် ပင်မဆဲလ်အစားထိုးကုသမှုကို ကမ္ဘာ့ပထမဆုံးအကြိမ်အဖြစ် စတင်ပြုလုပ်လိုက်ပြီဖြစ်ကြောင်း ဂျပန်ဆေးဝါးကုမ္ပဏီ Sumitomo Pharma က အောက်တိုဘာ ၃၀ ရက်တွင်ထုတ်ပြန်ခဲ့သည်။
အောက်တိုဘာလအတွင်း ကျိုတိုတက္ကသိုလ်ဆေးရုံတွင် ပြုလုပ်ခဲ့သည့် အဆိုပါကုသမှုတွင် iPS ပင်မဆဲလ် သန်းပေါင်းများစွာကို လူနာ၏ ဦးနှောက်အတွင်းသို့ အစားထိုးထည့်သွင်းပေးခြင်းဖြစ်သည်။ အောင်မြင်သည့် လက်တွေ့စမ်းသပ်မှု ရလဒ်များအပေါ် အခြေခံပြီး ကုသမှုကို မတ်လတွင် ခွင့်ပြုပေးခဲ့သည်။ iPS ပင်မဆဲလ်ဆိုသည်မှာ သတ်မှတ်ထားသည့် လုပ်ငန်းတာဝန်များကို လုပ်ဆောင်နေပြီဖြစ်သော အရွယ်ရောက်ဆဲလ်များကို မူလဆဲလ်အခြေ အနေသို့ ပြန်လည်ရောက်ရှိစေရန် ပြုပြင်ဖန်တီးထားသည့် ဆဲလ်များဖြစ်သည်။
ပါကင်ဆန်ရောဂါသည် အာရုံကြောစနစ်ကို တဖြည်းဖြည်း ထိခိုက်ပျက်စီးစေသည့် နာတာရှည်ရောဂါတစ်မျိုးဖြစ်ပြီး ကိုယ်ခန္ဓာတုန်ယင်ခြင်းနှင့် လှုပ်ရှားသွားလာရာတွင် အခက်အခဲဖြစ်စေနိုင်သည်။ ကမ္ဘာတစ်ဝန်းတွင် ပါကင်ဆန်ရောဂါ ခံစားနေရသူ ၁၀ သန်းကျော်ရှိမည်ဟု ခန့်မှန်းထားသည်။
လက်တွေ့စမ်းသပ်မှုတွင် အသက် ၅၀ မှ ၆၉ နှစ်အတွင်းရှိ လူနာခုနစ်ဦး ပါဝင်ခဲ့ပြီး တစ်ဦးလျှင် ဆဲလ် ၅ သန်း သို့မဟုတ် ၁၀ သန်းစီကို ဦးနှောက်နှစ်ဖက်စလုံးတွင် အစားထိုးထည့်သွင်းပေးခဲ့သည်။ ထို့နောက် နှစ်နှစ်ကြာ စောင့်ကြည့်ခဲ့ရာ ကြီးမားသည့် ဘေးထွက်ဆိုးကျိုးများ မတွေ့ခဲ့ရဘဲ လူနာလေးဦးက ရောဂါလက္ခဏာများ သက်သာလာခဲ့သည်။
ကုမ္ပဏီအနေဖြင့် ၂၀၂၉ ခုနှစ် ၊ မတ်လမတိုင်မီ လူနာ ၂၀ မှ ၃၀ အထိ ကုသပေးရန် စီစဉ်ထားသည်။ ထို့ပြင် အမေရိကန်နိုင်ငံတွင်လည်း ယင်းကုသနည်းကို လက်တွေ့စမ်းသပ်မှုများ ပြုလုပ်နေပြီဖြစ်သည်။
Ref: AFP