Myanmar Digital News

လိဂ်တူးကလပ် ဖလီးဝုဒ်က ပရီမီယာလိဂ်ချန်ပီယံ အာဆင်နယ်ကို အနိုင်ယူပြီး အီးအက်ဖ်အယ်ဖလား ကွာတားဖိုင်နယ်တက်ရောက်

အီးအက်ဖ်အယ်ဖလားပြိုင်ပွဲ စတုတ္ထအဆင့်မှ လိဂ်တူးကလပ် ဖလီးဝုဒ်တောင်းနှင့် အသင်းကြီး အာဆင်နယ်အသင်းပွဲစဉ်ကို ဟိုက်ဘူရီကွင်း၌ အောက်တိုဘာ ၂၈ ရက် နံနက် ၂ နာရီခွဲက ယှဉ်ပြိုင်ကစားခဲ့ရာ ဖလီးဝုဒ်တောင်းအသင်းက ပယ်နယ်တီအဆုံးအဖြတ်တွင် ငါးဂိုး-သုံးဂိုးဖြင့် နိုင်ပွဲရပြီး ကွာတားဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့သည်။

 

အဆိုပါပွဲစဉ်မှာ သာမန်ပွဲကစားချိန်အတွင်း တစ်ဖက်တစ်ဂိုးစီ သရေကျနေ၍ ပယ်နယ်တီ အဆုံးအဖြတ်ခံယူခဲ့ရာ ဖလီးဝုဒ်တောင်းအသင်းက အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ အာဆင်နယ်အသင်းသည် ပွဲချိန်အတွင်း ဖလီးဝုဒ်တောင်းအသင်းကို တစ်ဖက်သတ်ဖိအားပေး ကစားကာ ဂိုးကန်သွင်းခွင့် အများအပြားရရှိခဲ့သော်လည်း ပြိုင်ဘက်အသင်းခံစစ်နှင့် ဂိုးသမားတို့ အကောင်းဆုံးဟန့်တားကာကွယ်နိုင်မှုကြောင့် သွင်းဂိုးရရေး အခက်တွေ့ခဲ့ရသည်။

 

အာဆင်နယ်အသင်းသည် အသင်းတောင်ပံတိုက်စစ်ကစားသမား ဒေါမန်း ပွဲချိန် ၈၅ မိနစ်တွင် အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရသည့်အတွက် လက်ကျန်ပွဲချိန်များကို တစ်ယောက်လျော့ဖြင့် ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရသည်။

 

ဖလီးဝုဒ်တောင်းအသင်းသည် လိဂ်တူးကလပ်တွင် ပုံမှန်ခြေစွမ်းပြသရန် ရုန်းကန်နေရသော်လည်း အီးအက်ဖ်အယ်ဖလားပြိုင်ပွဲတွင် ပရီမီယာလိဂ်ချန်ပီယံ အာဆင်နယ်အသင်းကို အံ့အားသင့်ဖွယ် အနိုင်ယူကာ ကွာတားဖိုင်နယ်သို့ ပထမဆုံးအကြိမ်တက်လှမ်းပြီး သမိုင်းဝင်အောင်ပွဲတစ်ရပ် ပိုင်ဆိုင်ခဲ့သည်။

 

အခြားပွဲစဉ်ရလဒ်တွင် ဘရက် ဖို့ဒ်က ပီတာဘရော့ကို နှစ်ဂိုးပြတ် နိုင်ပွဲရရှိပြီး နောက်တစ်ဆင့်တက် လှမ်းနိုင်ခဲ့သည်။ အဆိုပါ ပွဲစဉ်မှာ လိဂ်ဝမ်းကလပ် အသင်းအချင်းချင်း တွေ့ဆုံမှုဖြစ်သည့်အတွက် နောက်ဆုံးမိနစ်အထိ အကြိတ်အနယ်ရှိပြီး ပြိုင်ဆိုင်မှုပြင်းထန်ခဲ့သည်။

 

အောင်ဇော်

မူရင်းသတင်း — Myanmar Digital News