Myanmar Digital News

ကန့်ဘလူမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပဲမျိုးစုံ ဧက ၉၄၀၀၀ ကျော် လျာထားစိုက်ပျိုးမည်

ကန့်ဘလူ အောက်တိုဘာ ၂၉

 

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပဲမျိုးစုံ ဧက ၉၄၀၀၀ ကျော် စိုက်ပျိုးရန်လျာထားကြောင်း ကန့်ဘလူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ၏ ပြောကြားချက်အရ သိရသည်။

 

ဆောင်ရွက်ပေးမည်

 

မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဒေသခံတောင်သူများအား မြေအစိုဓာတ်ရှိစဉ် အချိန်မီ စိုက်ပျိုးနိုင်ရေးနှင့် အယ်လ်နီညိုဖြစ်စဉ်ကြောင့် ဆောင်းသီးနှံ စိုက်ပျိုးထုတ်လုပ်မှု ထိခိုက်ပျက်စီးမှု မရှိစေရေး၊ စိုက်ပျိုးရေး အသိပညာပေးလုပ်ငန်းများနှင့် သီးနှံများပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် သွင်းအားစုများထည့်သွင်းရာတွင် သီးနှံပင်၏သက်တမ်းအလိုက် အသုံးပြုမည့် မြေဩဇာများ အချိုးအစား မှန်ကန်စေရေး၊ လေလွင့်ဆုံးရှုံးမှု မရှိစေရေး၊ ထိရောက်မှုရှိပြီး အပင်အတွက် အကျိုးဖြစ်ထွန်းစေရေး၊ သဘာဝမြေဩဇာများကို အချိုးကျရောစပ်၍ အချိန်ကိုက် ကြဲပက်နိုင်စေရေးနှင့် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများနှင့်အညီ စိုက်ပျိုးနိုင်ရေး စိုက်ပျိုးရေးဝန်ထမ်းများက ကွင်းဆင်းကြီးကြပ်ဆောင်ရွက် ပေးမည်ဖြစ်သည်။

 

ကန့်ဘလူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် မတ်ပဲ ၃၈၅၉၁ ဧက၊ ပဲတီစိမ်း ဧက ၂၂၅၀၀၊ ထောပတ်ပဲ ၃၇၉၇ ဧက၊ ဆွန်တာနီ ၁၃၉၃ ဧက၊ ဆွန်တာပြာ ၇၂၁၉ ဧက၊ ကုလားပဲ ၆၉၄၇ ဧက၊ ပဲလွမ်း ၂၄၅၅ ဧက၊ စားတော်ပဲ ၈၈၉၇ ဧကနှင့် အခြားပဲ ၃၁၂၇ ဧက စိုက်ပျိုးရန်လျာထားကြောင်း သိရသည်။

 

အောင်ဝင်းငြိမ်း(ကန့်ဘလူ)

မူရင်းသတင်း — Myanmar Digital News