Myanmar Digital News

စစ်ကိုင်းတိုင်းဒေသကြီး၌ ပေါ်ဆန်းစပါး ၃၄၇၂၂၆ ဧက စိုက်ပျိုးထား

ရန်ကုန် အောက်တိုဘာ ၂၉

 

၂၀၂၆ ခုနှစ်တွင် ကမ္ဘာ့အကောင်းဆုံးဆန်အဖြစ် သတ်မှတ်ခြင်းခံထားရသည့် မြန်မာ့ပေါ်ဆန်းမွှေးဆန်ကို မိုးစပါးအဖြစ် စစ်ကိုင်းတိုင်းဒေသကြီး၌ ၃၄၇၂၂၆ ဧက စိုက်ပျိုးထားကြောင်း တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

တိုင်း‌ဒေသကြီးအတွင်းရှိ ခရိုင်ခုနစ်ခု တွင် ရွှေဘိုပေါ်ဆန်း ၃၄၇၁၃၅ ဧကနှင့် ရေဆင်းပေါ်ဆန်း(၁) ၉၁ ဧက စုစုပေါင်း ၃၄၇၂၂၆ ဧက စိုက်ပျိုးထားပြီး မိုးစပါး ၁၇၂၉၁၄၆ ဧက စိုက်ပျိုးရန် လျာထားဆောင်ရွက်ရာ၌ အောက်တိုဘာ ၁၅ ရက် အထိ ၁၇၄၃၃၄၅ ဧက စိုက်ပျိုးထားသည်။

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်ငါးခရိုင်၌ ရွှေဘိုပေါ်ဆန်း ၃၃၆၀၉၂ ဧက နှင့် ရေဆင်းပေါ်ဆန်း(၁) ဧက ၅၀ စိုက်ပျိုး ခဲ့ပြီး ရွှေဘိုပေါ်ဆန်း တစ်ဧကလျှင် ၈၁ ဒသမ ၅၈ တင်း၊ ရေဆင်းပေါ်ဆန်း (၁) တစ်ဧကလျှင် ၁၁၃ ဒသမ ၁၀ တင်း ထွက်ရှိခဲ့သည်။

 

ပြီးခဲ့သည့် နွေစပါးရာသီ၌ ရေဆင်းပေါ်ဆန်း (၁) ကို ခင်ဦးမြို့နယ်တွင် ၁၀ ဧက စိုက်ပျိုးခဲ့ရာ တစ်ဧကလျှင် ၁၀၀ ဒသမ ၅၀ တင်း ထွက်ရှိခဲ့ပြီး လာမည့် နွေစပါးရာသီ၌ ၁၈၇၆၄၄ ဧက စိုက်ပျိုးရန်လျာထားပြီး ရေဆင်းပေါ်ဆန်း (၁) ၁၇၉၄ ဧက စိုက်ပျိုးရန် ဆောင်ရွက်ထားသည်။

 

“မြန်မာ့ပေါ်ဆန်း နိုင်ငံတကာမှာ အကောင်းဆုံးဆုဆွတ်ခူးရရှိခဲ့တာဟာ နိုင်ငံနဲ့လူမျိုးအတွက် ဝမ်းမြောက်ဂုဏ်ယူစရာပါ။ အဲဒီအောင်မြင်မှုဟာ ကမ္ဘာ့အလယ်မှာ မြန်မာ့ဆန်စပါး အရည်အသွေးကို ပြသနိုင်ခဲ့တဲ့ တောင်သူတွေရဲ့ ကြိုးပမ်းအားထုတ်မှု ရလဒ်တစ်ခုဖြစ်ပြီး လက်တွေ့စိုက်ပျိုး ထုတ်လုပ်ခဲ့ကြတဲ့ တောင်သူဦးကြီးတွေရဲ့ အပင်ပန်းခံမှု၊ မျိုးဆက်အလိုက် လက်ဆင့်ကမ်းလာခဲ့တဲ့ စိုက်ပျိုးရေးအသိပညာနဲ့ ကျွမ်းကျင်မှုတို့ကြောင့် အနံ့အရသာနဲ့ပြည့်စုံတဲ့ ပေါ်ဆန်းမွှေးဆန်ကို ကမ္ဘာ့နိုင်ငံတွေရဲ့ ထမင်းစားပွဲပေါ်ကို အရောက်ပို့ဆောင်ပေးနိုင်ခဲ့မှုအပေါ် လှိုက်လှိုက်လှဲလှဲ ဝမ်းမြောက်ဂုဏ်ယူပါတယ်” ဟု တိုင်း‌ဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းမြင့်က ပြောသည်။

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရွှေဘိုပေါ်ဆန်းနှင့် ရေဆင်းပေါ်ဆန်း (၁) ကို ကလေးခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ ကန့်ဘလူခရိုင်၊ မုံရွာခရိုင်၊ ကောလင်းခရိုင်နှင့် စစ်ကိုင်းခရိုင်တို့ရှိ မြို့နယ်ပေါင်း ၁၁  ခု တွင် စိုက်ပျိုးထားပြီး ရေဦးမိုးဦးပေါ်ဆန်း စပါးခင်းအချို့ စတင်ရိတ်သိမ်းနေကြောင်း သိရသည်။

 

သတင်း - ဥဿာ၊

ဓာတ်ပုံ - ကိုကိုလွင်

မူရင်းသတင်း — Myanmar Digital News