Myanmar Digital News

ယာယီနေရပ်စွန့်ခွာ ဒေသခံတိုင်းရင်းသားပြည်သူများ ထန်တလန်မြို့သို့ ပြန်လည်ဝင်ရောက်နေထိုင်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေး

နေပြည်တော် အောက်တိုဘာ ၃၀

 

တပ်မတော်အနေဖြင့် ပြည်သူလူထုအေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် တိုင်းစစ်ဌာနချုပ် နယ်မြေများအလိုက် အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter- Terrorism Operation) များကို ဆောင်ရွက်လျက်ရှိရာ ဇွန် ၉ ရက်တွင် CNF ၊ CDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများ ယာယီထိန်းချုပ်ထားသည့် ဟားခါး- ထန်တလန် ဆက်သွယ်ရေးလမ်းကြောင်းတစ်ခုလုံးကို တပ်မတော်က အပြီးတိုင်ပြန်လည်ထိန်းချုပ်နိုင်ခဲ့မှုအပေါ် ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် ဝမ်းသာစွာ အားပေးထောက်ခံ ကြိုဆိုခဲ့ကြသည်။

 

ထို့ပြင် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုဖြင့် တပ်မတော်နှင့် ဌာနဆိုင်ရာအဖွဲ့များက ယာယီနေရပ်စွန့်ခွာနေကြရသည့် ဒေသခံတိုင်းရင်းသားပြည်သူများ ၎င်းတို့၏နေရပ်များတွင် ပြန်လည်အခြေချနေထိုင်နိုင်ရေး၊ အစိုးရ၏ အုပ်ချုပ်မှုယန္တရားများဖြစ်သည့် ရုံး/ဌာနများ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ ဒေသခံတိုင်းရင်းသားပြည်သူများ၏ ပညာရေး၊ ကျန်းမာရေးစသည့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်သည့်ကူညီထောက်ပံ့ရေး ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ အကြမ်းဖက်သောင်းကျန်းသူများ၏ အဖျက်အမှောင့် လုပ်ရပ်များကြောင့် ယိုယွင်းပျက်စီးခဲ့ရသည့် ဌာနဆိုင်ရာ အဆောက်အအုံများနှင့် လူနေအိမ်များကိုလည်း ပြန်လည်ပြုပြင်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။

 

ထိုသို့ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ယာယီနေရပ်စွန့်ခွာသူများအား ၎င်းတို့၏နေရပ်များသို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ဝင်ရောက်နေထိုင်နိုင်ရေးအတွက် လိုအပ်သည်များ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဌာနဆိုင်ရာအဖွဲ့များနှင့် နေရပ်ပြန်ဒေသခံပြည်သူများပါဝင်သည့် မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များသည် ဟားခါးမြို့မှ ထွက်ခွာလာပြီး မွန်းလွဲပိုင်းတွင် ထန်တလန်မြို့သို့ရောက်ရှိကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပြီး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

တပ်မတော်စစ်ကြောင်းများအနေဖြင့် ဟားခါး - ထန်တလန် ဆက်သွယ်ရေး လမ်းကြောင်းအား ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ပြီးနောက် အဆိုပါဒေသများအတွင်း တိုက်ပွဲများကြောင့် ခေတ္တရှောင်တိမ်းနေထိုင်ခဲ့ကြသည့် နေရပ်စွန့်ခွာ ဒေသခံပြည်သူများ မိမိတို့အရပ်ဒေသများသို့ ပြန်လည်ဝင်ရောက်နေထိုင်နိုင်ရေး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခြင်း၊ မိုင်းအန္တရာယ် ကင်းရှင်းစေရေးအတွက် မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ အကြမ်းဖက်သမားများကြောင့် ယိုယွင်းပျက်စီးခဲ့သည့် လူနေအိမ်များ၊ ဌာနဆိုင်ရာ ရုံး၊ အဆောက်အအုံများအား ပြန်လည်ပြုပြင်ပေးခြင်း အစရှိသည့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို နိုင်ငံတော်အစိုးရ၏လမ်းညွှန်မှုဖြင့် ဒေသခံပြည်သူများနှင့်အတူ လက်တွဲပူးပေါင်းကာ လိုအပ်သည်များကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်

မူရင်းသတင်း — Myanmar Digital News