Myanmar Digital News

တက္ကသိုလ်လေ့ကျင့်ရေးတပ်များမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများအား မိုးရာသီစခန်းချလေ့ကျင့်ရေးသင်တန်းဆင်းပွဲများ ကျင်းပ

နေပြည်တော် အောက်တိုဘာ ၃၀

 

နိုင်ငံတော်ကာကွယ်ရေးဆိုင်ရာ အသိအမြင်များရရှိ၍ အနာဂတ်နိုင်ငံတော်၏တာဝန်များ ထမ်းဆောင်သည့်အခါတွင် အထောက်အကူရရှိကာ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ ပိုမိုရင့်သန်လာစေရန်နှင့် ယုံကြည်ချက်၊ ခံယူချက်မြင့်မားပြီး အရည်အချင်းပြည့်ဝစေရန် ရည်ရွယ်ချက်ဖြင့် တက္ကသိုလ်အသီးသီးမှ ကိုယ်တိုင်ဆန္ဒပြုသည့် တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့စစ်နှင့် နယ်ခြားတပ်များညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၌ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁ ရက်မှစတင်၍ မိုးရာသီစခန်းချလေ့ကျင့်ရေးသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးခဲ့ရာ ယနေ့တွင် အောင်မြင်စွာ သင်တန်းဆင်းပေးနိုင်ခဲ့သည်။

 

အဆိုပါ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်လေ့ကျင့်ရေး တပ်ဖွဲ့ဝင်များ မိုးရာသီစခန်းချ လေ့ကျင့်ရေးသင်တန်းဆင်းပွဲများကို နေပြည်တော်ကောင်စီနယ်မြေ၌လည်းကောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း) ဗထူးတပ်မြို့၌လည်းကောင်း၊ မွန်ပြည်နယ် ချောင်းဆုံမြို့၌လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်၌လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၌လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့၌လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့၌လည်းကောင်း နယ်မြေခံသင်တန်းကျောင်းများ၌ ကျင်းပပြုလုပ်ကြသည်။

 

အဆိုပါ သင်တန်းဆင်းပွဲများသို့ သက်ဆိုင်ရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သင်တန်းဆင်း အမှာစကားများ ပြောကြားကြသည်။

 

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက မိုးရာသီစခန်းချလေ့ကျင့်ရေး သင်တန်းများအတွက် အမှတ်တရ လက်ဆောင်ပစ္စည်းများ၊ ဆုတံဆိပ်ရရှိကြသည့် ကျောင်းသားကျောင်းသူများအား ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ရာ တာဝန်ရှိသူများနှင့် ဆုရရှိကြသူများက လက်ခံရယူကြသည်။

 

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သင်တန်းသားသင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။

 

 အဆိုပါ သင်တန်းများတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဆရာဆရာမများနှင့် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၅၁၂ ဦး တို့အား သင်တန်းကာလရက်ပေါင်း ၃၀ ဖွင့်လှစ်၍ ကိုယ်လက်ကြံ့ခိုင်ရေးဘာသာရပ်၊ မြန်မာ့သိုင်းဘာသာရပ်၊ စစ်ရေးပြဘာသာရပ်၊ လက်နက်ငယ်ဘာသာရပ်၊ ကိုယ်စီစစ်မြေပြင်ကျွမ်းကျင်မှုဘာသာရပ်၊ စစ်နည်းဗျူဟာဘာသာရပ်၊ သဘောတရားရေးဆိုင်ရာဘာသာရပ်၊ စစ်မြေပြင်အင်ဂျင်နီယာဘာသာရပ်၊ ကျန်းမာရေးနှင့် ရှေးဦးသူနာပြု ဘာသာရပ်များနှင့် စက်ပစ်ကွင်းလက်တွေ့ပစ်ခတ်ခြင်း သင်ခန်းစာများအား လေ့ကျင့်သင်ကြားပေးခြင်းအပြင် အထွေထွေဗဟုသုတ ရရှိစေရေးအတွက် ပြင်ပလေ့လာရေး ခရီးစဉ်များကိုလည်း လိုက်ပါပို့ဆောင်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်

မူရင်းသတင်း — Myanmar Digital News