Myanmar Digital News

တနင်္သာရီတိုင်းဒေသကြီး ၂ဝ၂၆ ခုနှစ် ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ

ထားဝယ် အောက်တိုဘာ ၃၀

 

၂၀၂၆ ခုနှစ် ကမ္ဘာ့မျက်မမြင် ပပျောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ထားဝယ်ပြည်သူ့ဆေးရုံကြီး (၅) ထပ်ဆောင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ကြည့်ရှုအားပေး

 

ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ အထိမ်းအမှတ်အဖြစ် မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာ အေးကျော့ကျော့လတ် ဦးဆောင်သည့် ဆေးကုသရေးအဖွဲ့က ဆေးရုံသို့လာရောက်ပြသကြသော မျက်စိဝေဒနာရှင်များအား မျက်စိအခမဲ့ စမ်းသပ်ကုသပေးနေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး တစ်ဦးချင်း ပါဝါမျက်မှန် တပ်ဆင်ပေးခြင်း၊ အာဟာရဖြည့်မုန့်နှင့် သောက်ရေသန့်ဘူးများကို ဝေငှပေးခဲ့သည်။

 

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦး က ငယ်ရွယ်စဉ်ကလေးဘဝကတည်းက အမြင်အာရုံချို့ယွင်းမှုကို စောစီးစွာသိရှိကုသမှုပေးနိုင်ရန်အတွက် ကျောင်းကျန်းမာရေး လုပ်ငန်းစဉ်တစ်ခုအဖြစ် “မျက်စိကျန်းမာရေး စစ်ဆေးခြင်းများ” ကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် မွေးကင်းစကလေးငယ်များအား မျက်စိစစ်ဆေးခြင်း လုပ်ငန်းများကိုလည်း ယခုနှစ်မှစတင်၍ တိုးချဲ့ဆောင်ရွက်သွားရန် စီစဉ်လျက်ရှိကြောင်း၊ ယခုနှစ် ကမ္ဘာ့မျက်မမြင် ပပျောက်ရေးနေ့၏ ဆောင်ပုဒ်သည် “Love Your Eyes - အမြင်အာရုံကောင်းစေဖို့ အသိပညာ မျှဝေလို့ မျက်စိ ကျန်းမာရေး အလေးပေးစို့” ဖြစ်ကြောင်း၊ မျက်စိကျန်းမာရေးဆိုင်ရာ ဗဟုသုတများနှင့် အတွေ့အကြုံများကို အချင်းချင်းပြန်လည်မျှဝေပေးခြင်းဖြင့် လူတစ်ဦးချင်းစီတိုင်း မိမိတို့၏ အမြင်အာရုံကို ဦးစားပေးတန်ဖိုး ထားတတ်လာပြီး ပုံမှန်မျက်စိ စစ်ဆေးခြင်းနှင့် ရောဂါရှာဖွေခြင်းများကို ပြုလုပ်လာကြစေရန်၊ မျက်စိကျန်းမာရေးစောင့်ရှောက်မှုကို လူတိုင်းလက်လှမ်းမီ ရရှိနိုင်စေရန်အတွက် မိမိတို့အားလုံးက ဝိုင်းဝန်းပံ့ပိုးပေးကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ဒုတိယ တိုင်းဒေသကြီးကုသရေးဦးစီးမှူး ဒေါက်တာမျိုးသူဇာက ကမ္ဘာ့မျက်မမြင် ပပျောက်ရေးနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း မျက်စိအခမဲ့ ခွဲစိတ်ကုသပေးနိုင်မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက ခင်းကျင်းပြသထားသော လုပ်ငန်းဆောင်ရွက်ချက်မှတ်တမ်းများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)

မူရင်းသတင်း — Myanmar Digital News