Eleven Media Group

အနာဂတ် ဆရာ၊ ဆရာမလောင်းများအတွက် ရန်ကုန်နှင့် စစ်ကိုင်း ပညာရေးတက္ကသိုလ်တို့မှ ထူးချွန်ကျောင်းသူ/သားများကို MYDA မှ နှစ်စဉ် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်မည်

မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MYDA) သည် အနာဂတ် မြန်မာလူငယ်များ၏ ပညာရေးအဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ရန်ကုန်ပညာရေးတက္ကသိုလ်နှင့် စစ်ကိုင်းပညာရေးတက္ကသိုလ်တို့မှ ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား နှစ်စဉ် ဘွဲ့နှင်းသဘင်များ၌ ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။

အဆိုပါ B.Ed သင်တန်း ပထမနှစ်မှ ပ ဉ္စမနှစ်အထိ အထူးချွန်ဆုံး ကျောင်းသား၊ ကျောင်းသူ ငါးဦးစီအား နှစ်စဉ် ဘွဲ့နှင်းသဘင်တွင် ထူးချွန်ဆုများ ချီးမြှင့်ခွင့်ရရှိရန် ပညာရေးဝန်ကြီးဌာနသို့ တင်ပြတောင်းခံခဲ့ရာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၄ ရက်စွဲပါ စာအမှတ်-မူဝါဒ(ထူးချွန်ဆု) ၁၆၃၇/၂၀၂၅(၁၀၃၈၄) ဖြင့် ပြည်ထောင်စုဝန်ကြီးက ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ခွင့်ပြုချက်အရ မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်‌ရေးအသင်းထူးချွန်ဆုများချီးမြှင့်နိုင်ရေးအတွက် (၂၀၂၆)ခုနှစ် မတ်လ(၂၃)ရက်နေ့တွင် ရန်ကုန်ပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကေသွယ်လှိုင်၊ ဒုတိယပါမောက္ခချုပ်များ၊ တာဝန်ရှိသူများနှင့် (MYDA) ဥက္ကဋ္ဌ ဦးဇော်မျိုးအောင် ၊ဘဏ္ဍာ‌ရေးမှူး ဒေါ်ခင်နှင်းထက်အောင် ၊ မန္တလေးတိုင်းဒေသကြီးရုံးခွဲတာဝန်ခံ ဦးဟန်ထွန်းဦးနှင့် ဗဟိုအလုပ်အမှုဆောင်များမှ ပထမအကြိမ်အဖြစ်လည်းကောင်း ၊ ၂၀၂၆ ခုနှစ် အောက်တိုဘာလ (၁၅)ရက်နေ့တွင် MYDA ၏ဒုတိယဥက္ကဋ္ဌ(၃) ရန်ကုန်တိုင်းဒေသကြီးရုံးခွဲတာဝန်ခံ ဦးခန့်မင်းသျှင်၊ ရန်ကုန်တိုင်းဒေသကြီးဒုတိယဥက္ကဋ္ဌ ဦးသန့်သီဟန်‌ဇော် ၊ အတွင်းရေးမှူး ဦးအောင်မင်းပိုင်တို့မှ ဒုတိယအကြိမ်အဖြစ်လည်း‌ကောင်း သွားရောက်တွေ့ဆုံဆွေးနွေးကာ အသေးစိတ် ညှိုနှိုင်းဆောင်ရွက်ခဲ့ကြသည်။

အဆိုပါတွေ့ဆုံဆွေးနွေးမှုများအရ ၂၀၂၆ခုနှစ် ၊အောက်တိုဘာလ ၃ဝရက်နေ့တွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည့် ရန်ကုန်ပညာရေးတက္ကသိုလ်၏ (၅၆) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားတွင် "မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း MYDA ထူးချွန်ဆု" ရရှိသူ ငါးဦးဖြစ်သည့် မောင်အောင်ဉာဏ်ဝင်း၊ မအိပွင့်ဖြူ၊ မစုဝေနှင်း၊ မောင်ဥက္ကာဖြိုးနှင့် မထက်ထက်ခိုင် တို့အား ရန်ကုန်ပညာရေးတက္ကသိုလ် ပါမောက္ခချုပ်က ဂုဏ်ပြုရွှေဆွဲပြား၊ ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ကိုယ်တိုင်ပေးအပ်ခဲ့ပြီး MYDA ဥက္ကဋ္ဌ ဦးဇော်မျိုးအောင်က တစ်ဦးလျှင် ဆုကြေးငွေ ကျပ် ၁၀ သိန်းစီ၊ ဂုဏ်ပြုပန်းစည်းနှင့် အမှတ်တရအရုပ်များကို ချီးမြှင့်ပေးအပ်ခဲ့သည်။

အလားတူ စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ကျင်းပခဲ့သည့် (၂၆) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနား၌လည်း စစ်ကိုင်းပညာရေးတက္ကသိုလ်မှ ထူးချွန်ဆုရ မောင်မယ် ငါးဦးအား ဂုဏ်ပြုရွှေဆွဲပြား၊ မှတ်တမ်းလွှာ၊ ဆုကြေးငွေ ကျပ် ၁၀ သိန်းစီနှင့် အမှတ်တရလက်ဆောင်များကို MYDA မှ ပေးအပ်ချီးမြှင့်နိုင်ခဲ့သည်။

မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MYDA) ဥက္ကဋ္ဌ ဦးဇော်မျိုးအောင်က "အနာဂတ် ဆရာ၊ ဆရာမများ၏ သင်ယူကြိုးစားစိတ် ပိုမိုမြင့်မားလာစေရန်နှင့် ပညာရေးကဏ္ဍ မြင့်မားရေး တွန်းအားတစ်ခုအဖြစ် ရန်ကုန်နှင့် စစ်ကိုင်း ပညာရေးတက္ကသိုလ်နှစ်ခုမှ ထူးချွန်သူ ငါးဦးစီကို နှစ်စဉ် ဘွဲ့နှင်းသဘင်များတွင် ဆက်လက်ချီးမြှင့်သွားမည်ဖြစ်ပါသည်" ဟု ပြောကြားသည်။

ထို့အပြင် ယခုလို ထူးချွန်ဆုများ ချီးမြှင့်နိုင်ရန် ခွင့်ပြုပေးခဲ့သည့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ကူညီဆောင်ရွက်ပေးခဲ့ကြသော ရန်ကုန်ပညာရေးတက္ကသိုလ် နှင့် စစ်ကိုင်းပညာရေးတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ တာဝန်ရှိသူများကို အထူးကျေးဇူးတင်ရှိကြောင်းနှင့် ဘွဲ့ရမောင်မယ်များအနေဖြင့် စေတနာ၊ ဝါသနာ၊ အနစ်နာ၊ ကရုဏာတို့နှင့် ပြည့်စုံသော မွန်မြတ်သည့် ဆရာ၊ ဆရာမကောင်းများဖြစ်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းစကား ပြောကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group