Eleven Media Group

ဖလာဗီယိုဘော်ဆိုနာရို ဘရာဇီးမှထွက်ခွာရန် ကြိုတင်စီစဉ်ရာတွင် ဝါရှင်တန်တိုက်ရိုက် ပါဝင်ပတ်သက်ခြင်းမရှိဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြောကြား

ရွေးကောက်ပွဲတွင် ရှုံးခဲ့သည့် ဖလာဗီယိုဘော်ဆိုနာရို၏ ဘရာဇီးမှထွက်ခွာရန်ကြိုတင်စီစဉ်ရာတွင် ဝါရှင်တန်သည် တိုက်ရိုက်အားဖြင့် ပါဝင်ပတ်သက်ခြင်းမရှိဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီယို က အောက်တိုဘာ ၃၁ ရက်တွင် ပြောကြားခဲ့သည်။

အောက်တိုဘာ ၂၅ ရက် ဒုတိယအကျော့ရွေးကောက်ပွဲတွင် သမ္မတလူးဝစ်အင်နာစီယိုလူလာဒါဆေးလ်ဗားကို ရှုံးခဲ့သောဘော်ဆိုနာရိုသည် အောက်တိုဘာ ၂၇ ရက်တွင် ဘရာဇီးမှ တိတ်တဆိတ် ထွက်ခွာလာခဲ့ပြီး အာဂျင်တီးနားနှင့် အီကွေဒေါတို့ကို သွားခဲ့ပြီးနောက် အောက်တိုဘာ ၂၈ ရက်တွင် စီးလုံးငှားလေယာဉ်ဖြင့် ဖလော်ရီဒါကို ရောက်လာခဲ့သည်။

ဘော်ဆိုနာရိုသည် အမေရိကန်ပြည်ထောင်စုတွင် ဆန္ဒရှိသရွေ့နေထိုင်နိုင်သည်ဟု သမ္မတဒေါ်နယ်ထရန့် က ပြောကြားခဲ့သည်။

"သူဟာ အရင်တုန်းက ဗီဇာကိုင်ထားသူဖြစ်ပါတယ်။ သမ္မတက သူ့ကို နိုင်ငံထဲဝင်လို့ရအောင် ဆုံးဖြတ်ချက် ချခဲ့တာဖြစ်ပါတယ် "ဟု ရူဘီယိုက ဂျော်ဂျီယာပြည်နယ် အတ္တလန်တာမြို့၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ တွင် ပြောကြားခဲ့သည်။ နှစ်ရက်ကြာ ဂျီ-၂၀ နိုင်ငံခြား ရေးဝန်ကြီးများအစည်းအဝေးကို အတ္တလန်တာမြို့က လက်ခံကျင်းပပေးခဲ့သည်။

ရူဘီယိုက "အမေရိကန်အစိုးရဟာ ဘော်ဆိုနာရို သူ့နိုင်ငံကနေ ထွက်ခွာလာဖို့ စီစဉ်ဆောင်ရွက်တာတွေမှာ တိုက်ရိုက်အားဖြင့် ပါဝင်ပတ်သက်ခဲ့တာမျိုးမရှိပါဘူး "ဟု ဖြည့်စွက်ပြောခဲ့သည်။

အသက် ၄၅ နှစ်ရှိ ဘော်ဆိုနာရိုသည် ရွေးကောက်ပွဲအပြီးတွင် ဘရာဇီးမှ အာဂျင်တီးနား၊ အီကွေဒေါတို့ကို ထွက်ပြေးခဲ့လာခဲ့သည်ဟု ဆိုသည်။ ဘော်ဆိုနာရိုစီးနင်းသော လေယာဉ်ကို ထရန့်၏အကြံပေး ဂျက်ဆင် မေလာက စီးလုံးငှားပေးခဲ့ခြင်းဖြစ်သည်ဟု နယူးယောက်တိုင်း(မ်)သတင်းစာနှင့် ဝေါစထရိတို့အပါအဝင် အမေရိကန်မီဒီယာအချို့ ဖော်ပြခဲ့သည်။

အမေရိကန်သို့ ဘော်ဆိုနာရို မိသားစုကို တင်ဆောင်လာသော လေယာဉ်အတွက်အမေရိကန်ဘဏ်စာရင်း တစ်ခုက ကြားခံအဖြစ် ပေးချေခဲ့သည်ဟု စီးလုံးငှားလေကြောင်းလိုင်း၏အကြီးအကဲက AFP ကို ပြောကြားခဲ့သည်။

အဆိုပါ စီးလုံးငှားလေယာဉ်နှင့်ပတ်သက်၍ အိမ်ဖြူတော်က မှတ်ချက်ပေးခြင်းမရှိသော်လည်း ထရန့်က ဘရာဇီးရွေးကောက်ပွဲသည် အလွန်ဆိုးဝါးသည်ဟု ပြောကြားခဲ့သည်။

ထရန့် ဖလော်ရီဒါနေအိမ်၌သတင်းထောက်များကို ပြောကြားရာတွင် မိမိသည် ဘော်ဆိုနာရိုနှင့်တွေ့ဆုံရန် အစီအစဉ်မရှိသော် လည်း ဘော်ဆိုနာရိုအတွက် စာနာမိသည်ဟု ဆိုခဲ့သည်။

"သူဟာ တော်တော် ဆိုးဆိုးရွားရွားဆက်ဆံခံခဲ့ရတယ်လို့ ထင်ပါတယ်။ အလွန် ဆိုးရွားပါတယ်။ ဒါကြောင့် သူဟာ အမေရိကန်မှာ ဆန္ဒရှိသလောက် နေထိုင်နိုင်ပါတယ် "ဟု ထရန့်က ပြောကြားခဲ့သည်။

Ref:AFP

မူရင်းသတင်း — Eleven Media Group