Eleven Media Group

မိတ္ထီလာ ပညာရေးဒီကရီကောလိပ် မြေအောက်ရေကန်အတွင်း ဒေါက်ဖြုတ်ရာမှ အောက်ဆီဂျင်ပြတ်တောက်ပြီး   လေးဦး သေဆုံးကာ တစ်ဦး အသက်ရှင် လွတ်မြောက်

​မိတ္ထီလာမြို့၊ မိတ္ထီလာပညာရေးဒီကရီကောလိပ်အတွင်းရှိ မြေအောက်ရေကန်၌ ဒေါက်များ ဆင်းဖြုတ်ရာမှ အောက်ဆီဂျင်ပြတ်တောက်မှုဖြစ်ပွားပြီး လူ လေးဦး သေဆုံးကာ တစ်ဦးအား အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။

​ဖြစ်စဉ်မှာ နိုဝင်ဘာလ ၁ ရက်နေ့ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် မိတ္ထီလာပညာရေး ဒီကရီကောလိပ် အတွင်းရှိ အလျား ၁၈ ပေ၊ အနံ ၁၈ ပေနှင့် အနက် ၆ ပေခွဲရှိ မြေအောက်ရေကန်အတွင်းသို့ ဒေါက်များ ဆင်းဖြုတ်စဉ် အောက်ဆီဂျင်ပြတ်တောက်ပြီး သတိလစ်လဲကျ၍ အသက်ရှူမွမ်းကြပ်မှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

​အဆိုပါဖြစ်စဉ်အား တာဝန်သိပြည်သူတစ်ဦး၏ တယ်လီဖုန်းဖြင့် သတင်းပေးပို့ချက်အရ မိတ္ထီလာခရိုင်နှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ခဲ့ကြသည်။

​ထိုသို့ မီးသတ်တပ်ဖွဲ့ဝင်များ၏ အမြန်ဆုံး သွားရောက်ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်မှုကြောင့် မြေအောက်ရေကန်အတွင်း ပိတ်မိနေသူများအနက်မှ အမျိုးသား တစ်ဦးအား အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး ကျန်အမျိုးသား လေးဦးမှာမူ သေဆုံးလျက် ပြန်လည်ဆွဲထုတ်နိုင်ခဲ့ကြောင်း သိရသည်။

သက်ထွန်းအောင်

ဓာတ်ပုံ-ကိုသန်းဌေး

မူရင်းသတင်း — Eleven Media Group