
#World_Health
Published 01 November 2026
■ ကင်ဆာဆိုတာ အသက်ကြီးလာရင် မလွဲမသွေ ဖြစ်လာမယ့်ရောဂါလို့ ထင်တတ်ကြပါတယ်။ တကယ်တော့ ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချနိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်။
■ ကင်ဆာကာကွယ်ရေးလို့ ပြောလိုက်ရင် ဆေးလိပ်မသောက်ဖို့၊ အရက်လျှော့သောက်ဖို့၊ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ဖို့တွေကို အရင်ဆုံး သတိရကြမှာပါ။
■ ဒါပေမဲ့ သုတေသနအသစ်တစ်ခုက နောက်ထပ် အရေးကြီးတဲ့အချက်တစ်ခုကို ဖော်ပြထားပါတယ်။ အဲဒါကတော့ ရောဂါပိုးကူးစက်မှုတွေကြောင့်လည်း ကင်ဆာဖြစ်ပွားနိုင်တာပါပဲ။
■ The Lancet Oncology ဂျာနယ်မှာ ဖော်ပြထားတဲ့ ကမ္ဘာတစ်ဝန်းဆိုင်ရာ လေ့လာမှုအရ ၂၀၂၄ ခုနှစ်မှာ တွေ့ရှိခဲ့တဲ့ ကင်ဆာအသစ်အားလုံးရဲ့ ၁၂ ရာခိုင်နှုန်းခန့်ဟာ ရောဂါပိုးကူးစက်မှုတွေနဲ့ ဆက်စပ်နေပါတယ်။
■ အရေအတွက်နဲ့တွက်ကြည့်ရင် ကင်ဆာအသစ်ဖြစ်ပွားမှု ၂.၃ သန်းခန့် ရှိပါတယ်။
ဒီကင်ဆာဖြစ်ပွားမှုတွေရဲ့ အများစုကို အဓိကရောဂါပိုး ၅ မျိုးနဲ့ ဆက်စပ်တွေ့ရှိခဲ့တာပါ။
■ ကင်ဆာနဲ့ ဆက်စပ်နေတဲ့ ရောဂါပိုး ၅ မျိုး
■ ■ ၁။ Helicobacter pylori (H. pylori)
■ အစာအိမ်ပိုး
■ ၂၀၂၄ ခုနှစ် ကင်ဆာအသစ်ဖြစ်ပွားမှု ၇၆၀,၀၀၀ ခန့်နဲ့ ဆက်စပ်နေပြီး ကင်ဆာအားလုံးရဲ့ ၄ ရာခိုင်နှုန်းခန့် ရှိပါတယ်။
■ ဒီပိုးဟာ ကမ္ဘာတစ်ဝန်းမှာ အလွန်အဖြစ်များပါတယ်။ ကူးစက်ခံထားရသူ အများစုမှာ လက္ခဏာမပြတတ်ပေမဲ့ အချို့မှာ အစာအိမ်အနာဖြစ်စေနိုင်ပြီး ရေရှည်မှာ အစာအိမ်ကင်ဆာ ဖြစ်နိုင်ခြေကိုလည်း မြင့်တက်စေနိုင်ပါတယ်။
■ ■ ၂။ Human papillomavirus (HPV)
■ လူ့ Papilloma ဗိုင်းရပ်စ်
■ ကင်ဆာအသစ်ဖြစ်ပွားမှု ၇၅၀,၀၀၀ ခန့်နဲ့ ဆက်စပ်နေပြီး ကင်ဆာအားလုံးရဲ့ ၄ ရာခိုင်နှုန်းခန့် ရှိပါတယ်။
■ HPV အမျိုးအစားအချို့ဟာ သားအိမ်ခေါင်းကင်ဆာအပြင် စအို၊ လိင်အင်္ဂါနဲ့ လည်ချောင်းပိုင်းကင်ဆာအချို့ကိုလည်း ဖြစ်စေနိုင်ပါတယ်။ HPV ကာကွယ်ဆေးထိုးခြင်းဟာ ဒီဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ကင်ဆာအချို့ကို ကာကွယ်ရာမှာ အရေးကြီးပါတယ်။
■ ■ ၃။ Hepatitis B virus (HBV)
■ အသည်းရောင်အသားဝါ ဘီပိုး
■ ကင်ဆာအသစ်ဖြစ်ပွားမှုရဲ့ ၂ ရာခိုင်နှုန်းခန့်နဲ့ ဆက်စပ်နေပါတယ်။
■ ဒီပိုးက အသည်းကို ရေရှည်ရောင်ရမ်းစေပြီး အသည်းခြောက်ခြင်းနဲ့ အသည်းကင်ဆာ ဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်ပါတယ်။ ဘီပိုးကာကွယ်ဆေးဟာ အသည်းကင်ဆာကို ကာကွယ်ရာမှာ အရေးပါတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။
■ ■ ၄။ Epstein-Barr virus (EBV)
■ Epstein-Barr ဗိုင်းရပ်စ်
■ ကင်ဆာအသစ်ဖြစ်ပွားမှုရဲ့ ၁ ရာခိုင်နှုန်းခန့်နဲ့ ဆက်စပ်နေပါတယ်။
ဒီဗိုင်းရပ်စ်ဟာ လူအများအပြားမှာ ကူးစက်ဖူးကြပြီး အရွယ်ရောက်သူတွေရဲ့ ၉၅ ရာခိုင်နှုန်းခန့်မှာ တွေ့ရတတ်ပါတယ်။ ကူးစက်ခံရသူတိုင်း ကင်ဆာဖြစ်တာမဟုတ်ပေမဲ့ အချို့ကင်ဆာအမျိုးအစားတွေနဲ့ ဆက်စပ်နေပါတယ်။
■ ■ ၅။ Hepatitis C virus (HCV)
■ အသည်းရောင်အသားဝါ စီပိုး
■ ကင်ဆာအသစ်ဖြစ်ပွားမှုရဲ့ ၁ ရာခိုင်နှုန်းအောက်နဲ့ ဆက်စပ်နေပါတယ်။
စီပိုးကြောင့် အသည်းရေရှည်ရောင်ရမ်းနိုင်ပြီး အသည်းခြောက်ခြင်းနဲ့ အသည်းကင်ဆာ ဖြစ်နိုင်ခြေ မြင့်တက်လာနိုင်ပါတယ်။ စီပိုးအတွက် ကာကွယ်ဆေး မရှိသေးပေမဲ့ ထိရောက်တဲ့ ဗိုင်းရပ်စ်တိုက်ဖျက်ဆေးတွေနဲ့ ပျောက်ကင်းအောင် ကုသနိုင်တဲ့ အခြေအနေများစွာ ရှိပါတယ်။
■ ကာကွယ်ဆေးထိုးရုံနဲ့ ကင်ဆာအားလုံးကို ကာကွယ်နိုင်ပြီလား။
မဟုတ်ပါဘူး။ ဒါပေမဲ့ တချို့ရောဂါပိုးကြောင့်ဖြစ်တဲ့ ကင်ဆာတွေကို ကာကွယ်နိုင်တဲ့ အခွင့်အရေးကောင်းတစ်ခု ရှိပါတယ်။
■ HPV ကာကွယ်ဆေး — HPV ကြောင့်ဖြစ်တဲ့ ကင်ဆာအချို့ကို ကာကွယ်နိုင်ပါတယ်။ အမျိုးသားတွေလည်း သင့်တော်တဲ့ အသက်အရွယ်နဲ့ ကျန်းမာရေးလမ်းညွှန်ချက်အလိုက် ကာကွယ်ဆေးထိုးဖို့ အရေးကြီးပါတယ်။
■ အသည်းရောင်အသားဝါ ဘီပိုးကာကွယ်ဆေး — ဘီပိုးကူးစက်မှုကို ကာကွယ်ပေးပြီး ဘီပိုးကြောင့်ဖြစ်နိုင်တဲ့ အသည်းကင်ဆာအန္တရာယ်ကို လျှော့ချနိုင်ပါတယ်။
■ အသည်းရောင်အသားဝါ စီပိုးစစ်ဆေးကုသခြင်း — စီပိုးအတွက် ကာကွယ်ဆေးမရှိသေးပေမဲ့ စစ်ဆေးတွေ့ရှိပါက ထိရောက်တဲ့ကုသမှုတွေရှိပါတယ်။
■ H. pylori ပိုး စစ်ဆေးကုသခြင်း — အစာအိမ်ပိုးကို စစ်ဆေးပြီး လိုအပ်ပါက သင့်တော်တဲ့ ပဋိဇီဝဆေးတွေနဲ့ ကုသနိုင်ပါတယ်။
■ ဒါပေမဲ့ လူတိုင်းကို စစ်ဆေးကုသသင့်၊ မသင့်ဆိုတာက တစ်ဦးချင်းစီရဲ့ အခြေအနေနဲ့ ဆေးဘက်ဆိုင်ရာ လမ်းညွှန်ချက်တွေအပေါ် မူတည်ပါတယ်။
■ ကင်ဆာဖြစ်စေတဲ့ ရောဂါပိုးတစ်မျိုး ကူးစက်ခံထားရတာနဲ့ ကင်ဆာမုချဖြစ်မယ်လို့ မဆိုလိုပါဘူး။ ရောဂါပိုးအမျိုးအစား၊ ကူးစက်မှုကြာချိန်၊ ကိုယ်ခံအားနဲ့ အခြားအန္တရာယ်အချက်တွေကလည်း အရေးကြီးပါတယ်။
■ ဒါပေမဲ့ ကာကွယ်ဆေးထိုးခြင်း၊ လိုအပ်တဲ့ ရောဂါစစ်ဆေးမှုတွေ ပြုလုပ်ခြင်း၊ ရောဂါပိုးတွေ့ရှိရင် သင့်တော်စွာ ကုသခြင်းတို့က ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချဖို့ အထောက်အကူပြုနိုင်ပါတယ်။
■ အဓိကမှတ်ထားရမှာက ကင်ဆာကာကွယ်ရေးဆိုတာ ဆေးလိပ်ရှောင်တာ၊ အစားအသောက်ဂရုစိုက်တာလောက်နဲ့ မပြီးပါဘူး။ ကာကွယ်လို့ရတဲ့ ရောဂါပိုးတွေကိုလည်းမမေ့သင့်ပါဘူး။
■ ကိုယ့်မှာ ဘီပိုးကာကွယ်ဆေး ထိုးထားခြင်းရှိ၊ မရှိ မသေချာရင် ကျန်းမာရေးဝန်ထမ်းနဲ့ တိုင်ပင်ပြီး စစ်ဆေးကာကွယ်ဖို့ စဉ်းစားသင့်ပါတယ်။
Source-Science Alert