Myanmar National Post

ပြင်သစ်ဆန္ဒပြသမားတွေက မိုလိုတော့ တွေသုံးပြီး ရဲတွေကို ပြန်တိုက်ခိုက်


နိုဝင်ဘာ - ၁ ( တနင်္ဂနွေနေ့ ) 

ပြင်သစ်နိုင်ငံမှာ ကုန်ဈေးနှုန်းကြီးမြင့်မှု ဆန္ဒပြပွဲတွေ တကျော့ပြန် ဖြစ်ပွားလာတဲ့အထဲကနေ စနေနေ့တုန်းက ပဲရစ်မြို့မှာ ဆန္ဒပြသူတွေက ရဲတပ်ဖွဲ့ကို မီးလောင်ဗုံးတွေနဲ့ ပစ်ပေါက်တိုက်ခိုက် ခဲ့ကြပါတယ်။

ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ အဲဒီပွဲမှာ ဥပဒေစိုးမိုးရေး အရာရှိ ၅ ဦး ဒဏ်ရာရသွားခဲ့ပြီး၊ အဲဒီအထဲက ၃ ဦးကတော့ မီးလောင်ဗုံး (မိုလိုတော့ ကော့တေး) ထိမှန်လို့ ဒဏ်ရာရခဲ့တာပါ။ ပြည်ထဲရေးဝန်ကြီး လော်ရန့် နူညက်ဇ် ကတော့ ဒီလိုတိုက်ခိုက်မှုတွေကို "လူသတ်ရန်ကြိုးပမ်းမှု" လို့ တင်စားပြောဆိုထားပါတယ်။

အခင်းဖြစ်ရာနေရာက ဗီဒီယိုဖိုင်တွေထဲမှာဆိုရင် ရဲတပ်ဖွဲ့ဝင်တွေ ဒိုင်းကာတွေနဲ့ တန်းစီရပ်နေတုန်း မီးလောင်ဗုံး တလုံး ပစ်ပေါက်ခံရတာကို တွေ့ရပါတယ်။ ရဲအရာရှိ တဦးမှာ မီးစွဲလောင်သွားပြီး ခဏချင်းမှာပဲ တစ်ကိုယ်လုံး မီးတောက်တွေ ဝါးမြိုသွားခဲ့ပါတယ်။ အဲဒီနောက် ရဲဖော်တွေက မီးသတ်ဘူးနဲ့ အမြန်ဆုံး လိုက်သတ်ပေးခဲ့ရပါတယ်။

အဲဒီနောက် တခြားနေရာတခုမှာလည်း လမ်းမလယ်က တိုက်ပွဲဆန်ဆန် ရပ်တည်နေကြတဲ့ ရဲတပ်ဖွဲ့ဝင်တွေအုပ်စုဆီကို မီးလောင်ဗုံး တလုံး ထပ်ပစ်ထည့်ခံရလို့ ရဲအရာရှိ တဦးရဲ့ ခြေထောက်တွေ ခဏလောက် မီးစွဲလောင်သွားခဲ့ပါတယ်။ ဆန္ဒပြသူတွေဘက်က ပုလင်းတွေနဲ့ တခြားပစ္စည်းတွေနဲ့ ပစ်ပေါက်တိုက်ခိုက်လာတာကြောင့် ရဲတပ်ဖွဲ့ဘက်ကလည်း မျက်ရည်ယိုဗုံးတွေ၊ အသံဗုံးတွေကို အလုံးအရင်းနဲ့ ပြန်လည်ပစ်ခတ် လူစုခွဲခဲ့ပါတယ်။

"မီးလောင်ခံရတဲ့ ခံစားချက်က ချက်ချင်းပဲ၊ အရမ်းပြင်းထန်ပြီး အချိန်ကြာလာတာနဲ့အမျှ ပိုဆိုးလာတယ်" လို့ မီးလောင်ဗုံးထိလို့ ဒဏ်ရာရသွားတဲ့ အမျိုးသား ရဲ တပ်ဖွဲ့ဝင်တဦးက BFMTV ကို ပြောပြပါတယ်။ "ဘယ်နေရာကိုမှ အကုန်လိုက်မကြည့်နိုင်တော့တာနဲ့ ပစ္စည်းတွေနဲ့ တရစပ်ပစ်ပေါက်နေတာကြောင့် ဘာမှကို မမြင်လိုက်ရဘူး" လို့ သူက ထပ်ပြောပါတယ်။

အဲဒီဖြစ်ရပ်ရဲ့ ဗီဒီယိုဖိုင်ကို ပြန်ကြည့်ပြီးတဲ့နောက်မှာတော့ "ငါတို့တွေ အကြီးအကျယ် သေပျောက်ဒဏ်ရာရမယ့် ဘေးကနေ သီသီလေး လွတ်သွားခဲ့တာပဲဆိုတာကို သဘောပေါက်လိုက်မိတယ်" လို့ အဲဒီတပ်ဖွဲ့ဝင်က ဆိုပါတယ်။


REF: RT

#News #Myanmar

မူရင်းသတင်း — Myanmar National Post