
၂၃၀ ကေဗွီ တောင်ငူ-သာယာကုန်း ဓာတ်အားလိုင်း ပြန်လည်ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေသည့် လုပ်ငန်းခွင် FPV Drone များဖြင့် တိုက်ခိုက်ခံရကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။
လက်နက်ကိုင်အဖွဲ့များ အကြိမ်ကြိမ်ဖောက်ခွဲဖျက်ဆီးခဲ့သည့် ၂၃၀ ကေဗွီ တောင်ငူ-သာယာကုန်း ဓာတ်အားလိုင်းရှိ တာဝါတိုင်များကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ကျွမ်းကျင်အင်ဂျင်နီယာများနှင့် ကျွမ်းကျင်လုပ်သားများသည် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဒေသခံများနှင့်အတူ ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ယနေ့ (နိုဝင်ဘာ ၁ ရက်) နံနက် ၁၁ နာရီအချိန်ခန့်တွင် လက်နက်ကိုင်အဖွဲ့များက FPV Drone များဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၂၃၀ ကေဗွီ တောင်ငူ-သာယာကုန်း ဓာတ်အားလိုင်းသည် မြန်မာပြည်အထက်ပိုင်းရှိ ရေအားလျှပ်စစ်စက်ရုံများမှ ရန်ကုန်တိုင်းဒေသကြီး အပါအဝင် မြန်မာပြည်အောက်ပိုင်းရှိ ဓာတ်အားခွဲရုံများသို့ ဓာတ်အားပို့လွှတ်နိုင်ရန် တည်ဆောက်ထားခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဓာတ်အားလိုင်းရှိ တာဝါတိုင်များအား ၂၀၂၃ ခုနှစ် ဇူလိုင် ၂၇ ရက်၊ ဒီဇင်ဘာ ၂၈ ရက်နှင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃ ရက်နှင့် ၂၃ ရက်တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ အကြိမ်ကြိမ်ဖောက်ခွဲဖျက်ဆီးမှုကြောင့် နေရာများစွာတွင် ပျက်စီးခဲ့ရကြောင်း သိရသည်။
ထိုသို့ ပျက်စီးနေသည့် တာဝါတိုင်များကို ပြပြင်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ယခုကဲ့သို့ FPV Drone များဖြင့် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပြီး အဆိုပါ တိုက်ခိုက်ခံရမှုကြောင့် စက်ကိရိယာများ၊ ယန္တရားများ ပျက်စီးခဲ့ကြောင်း သိရသည်။
ဝန်ကြီးဌာနအနေဖြင့် အဆိုပါဓာတ်အားလိုင်းကို အခက်အခဲ အမျိုးမျိုးကြားမှ ဆက်လက်ကြိုးစားပြုပြင်သွားမည်ဖြစ်ပြီး ဓာတ်အားလိုင်း ပြုပြင်ပြီးစီးပါက မဂ္ဂါဝပ် ၂၀၀ ခန့် ပိုမိုပို့လွှတ်နိုင်မည်ဖြစ်ကြောင်း သိရသည်။