Eleven Media Group

ထရန့်နှင့် ပူတင်တို့ တွေ့ဆုံဆွေးနွေးနိုင်ခြေရှိသည့် အခြေအနေကို ရုရှားနိုင်ငံခြားရေးဝန်ကြီးနှင့် ဆွေးနွေးခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြောကြား

အမေရိကန်သမ္မတဒေါ်နယ်ထရန့်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ကြား တွေ့ဆုံဆွေးနွေးနိုင်ခြေရှိသည့် အခြေအနေကို ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆယ်ဂေး လက်ဗရော့ဗ်နှင့် ဆွေးနွေးခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ပြောကြားခဲ့သည်။

ရူဘီယိုသည် ဂျော်ဂျီယာပြည်နယ် အတ္တလန္တာမြို့တွင် ပြုလုပ်သည့် စက်မှုထိပ်သီးနိုင်ငံ ၂၀ (G20)အစည်း အဝေးအတွင်း လက်ဗရော့ဗ် နှင့် စကားပြောဆိုခဲ့ချိန်က ထိုကဲ့သို့ ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း အောက်တိုဘာ ၃၁ ရက်က ပြောကြားခဲ့သည်။

“နိုဝင်ဘာလလယ်ပိုင်းမှာ တရုတ်နိုင်ငံ ရှန်ကျန်းမြို့မှာ ကျင်းပမယ့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့(APEC) ထိပ်သီးအစည်းအဝေးမှာ ကျွန်တော်တို့ရဲ့ ခေါင်းဆောင်တွေ တွေ့ဆုံနိုင်ခြေရှိတဲ့ အခွင့်အရေးနဲ့ပတ်သက်ပြီး ခဏတာ ဆွေးနွေးခဲ့ကြပါတယ်” ဟု ရူဘီယိုက ပြောကြားခဲ့သည်။

သို့သော် G20 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအတွင်း လက်ဗရော့ဗ်နှင့် တရားဝင် တွေ့ဆုံဆွေးနွေးမှု မရှိခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲတစ်ခု၌ ရူဘီယိုက အလေးပေး ပြောဆိုခဲ့သည်။

အမေရိကန်၊ ရုရှား၊ တရုတ်၊ အိန္ဒိယ၊ ပြင်သစ်နှင့် ဂျာမနီတို့ ပါဝင်သည့် G20 ဆွေးနွေးပွဲများသည် အောက်တိုဘာ ၃၁ ရက်တွင် ပြီးဆုံးခဲ့သည်။

၎င်းတို့နှစ်ဦးအကြား ကောင်းမွန်သော ဆွေးနွေးမှုတစ်ရပ်ရှိခဲ့ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးက သတင်း ထောက်များကို ပြောကြားခဲ့ပြီး နောက်တစ်ရက်တွင် ရူဘီယို၏ ပြောကြားချက်များ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

အတ္တလန်တာမြို့သို့ လက်ဗရော့ဗ် ရောက်ရှိလာမှုသည် ဥရောပနိုင်ငံများကြား တင်းမာမှုများကို မြင့်တက်စေခဲ့ သည်။

၂၀၂၂ ခုနှစ်တွင် အိမ်နီးချင်း ယူကရိန်းနိုင်ငံအား ကျူးကျော်ခဲ့ပြီးနောက် ရုရှားနိုင်ငံသည် အနောက်နိုင်ငံ အများစု၏ ၀ိုင်းပယ်ခြင်းကို ခံခဲ့ရသည်။

နိုင်ငံခြားရေးဝန်ကြီးများ၏ အစည်းအဝေးသည် မိုင်ယာမီမြို့ရှိ သမ္မတ ဒေါ်နယ်ထရန့်၏ ဒိုရယ်အပန်းဖြေစခန်း၌ ဒီဇင်ဘာလတွင် ကျင်းပမည့် G20 ထိပ်သီးအစည်းအဝေးအတွက် ကြိုတင်လမ်းခင်းရန် ရည်ရွယ်ခြင်းဖြစ်ပြီး၊ ထရန့်က ရုရှားသမ္မတ ပူတင်ကို ဖိတ်ကြားထားသည့်အတွက် ဥရောပနိုင်ငံများကြား သံတမန်ရေးရာ တင်းမာ မှုများသည် ပိုမိုပြင်းထန်လာနိုင်သည်။

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးကိုလည်း ဖိတ်ကြားရန် မည်သည့်ပြဿနာမျှ မရှိကြောင်း ထရန့်က အောက်တိုဘာ ၃၁ ရက်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

အောက်တိုဘာ ၃၀ ရက်က ပြုလုပ်ရန် စီစဉ်ထားသော G20 နိုင်ငံခြားရေးဝန်ကြီးများ၏ သမိုင်းဝင် စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးမှု အစီအစဉ်အား အချို့သော ဥရောပအရာရှိများက လက်ဗရော့ဗ်နှင့်အတူ ဓာတ်ပုံတွဲရိုက်ရန် ငြင်းဆန်ခဲ့ကြသည့်အတွက် ဖျက်သိမ်းခဲ့ရသည်။

သို့သော် ရုရှားဝန်ကြီး၏ တက်ရောက်လာမှုသည် အမေရိကန်နှင့် ရုရှားကြား ပိုမိုနွေးထွေးလာသည့် ဆက်ဆံရေးကိုလည်း ပေါ်လွင်ထင်ရှားစေခဲ့သည်။

“အနာဂတ်မှာ ပဋိပက္ခ ပိုမိုကြီးထွားလာနိုင်တဲ့ အန္တရာယ်ရှိတာကြောင့် အမေရိကန်နဲ့ ရုရှားတို့ကြား အဆင့်တစ်ဆင့်မှာ ဆက်သွယ်ဆောင်ရွက်မှုတွေ ရှိနေဖို့ အမြဲတမ်း အရေးပါပါတယ်” ဟု ရူဘီယိုက အောက်တိုဘာ ၃၁ ရက်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

တရုတ်တွင် ကျင်းပမည့် APEC အစည်းအဝေးတွင် တရုတ်သမ္မတရှီကျင်းပင်၊ ထရန့် နှင့် ပူတင်တို့ကြား သုံးပွင့်ဆိုင်ဆွေးနွေးပွဲလည်း ရှိလာနိုင်ကြောင်းခန့်မှန်းချက်များ ထွက်ပေါ်နေသည်။

Ref:AFP

မူရင်းသတင်း — Eleven Media Group