
■FATF ၏ ဆုံးဖြတ်ချက်တွင် မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီနှင့် ပြည်ပ ရောက်မြန်မာလုပ်သားများ၏ ငွေလွှဲပို့မှုများကို အဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ကြောင်း ပါဝင်
ပြင်သစ်နိုင်ငံ ပါရီမြို့၌ကျင်းပခဲ့သည့် ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေးအဖွဲ့(FATF) အစည်းအဝေးသို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ကြောင်း သိရသည်။
ပါရီမြို့၌ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂၆ ရက်မှ အောက်တိုဘာ ၃၀ ရက်အထိ ကျင်းပခဲ့သည့် ငွေကြေး ဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့(Financial Action Task Force-FATF)၏ မျက်နှာစုံညီအစည်းအဝေးသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဥက္ကဋ္ဌ ဒေါက်တာ ခင်နိုင်ဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် FATF က ချမှတ်ထားသည့် အကောင်အထည်ဖော်ဆောင်ရွက်ရမည့် အစီအမံ(Action Plan) ၁၅ ချက်အနက် ၁၃ ချက်အား ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့ပြီး FATF က အများပြည်သူသို့ ထုတ်ပြန်ကြေညာချက်ကို အောက်တိုဘာ ၃၀ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ယင်းထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီနှင့် ပြည်ပရောက်မြန်မာနိုင်ငံလုပ်သားများ၏ ငွေလွှဲပို့မှုများကို အဆင်ပြေချောမွေ့စေရေး ဆောင်ရွက်ပေးရန် အဖွဲ့ဝင်နိုင်ငံများသို့ တိုက်တွန်းကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကျန်ရှိသည့်အချက် နှစ်ချက်အား ပြီးပြတ်အောင် ဆောင်ရွက်ရေးနှင့် အွန်လိုင်းလိမ်လည် မှုနှင့် တရားမဝင်ငွေကြေး စီးဆင်းမှုများကို ထိထိရောက်ရောက်တားဆီးရေး တိုက်တွန်းထားကြောင်း သိရသည်။
အဆိုပါအစည်းအဝေးတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာ ခင်နိုင်ဦးက ဦးဆောင်ဆွေးနွေးခဲ့ရာ မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ FATF အဖွဲ့ဝင် နိုင်ငံကြီးများက ထောက်ခံဆွေးနွေး ခဲ့ကြောင်း သိရသည်။