Eleven Media Group

တာချီလိတ်မြို့တွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံသား ၈၃ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီး

တာချီလိတ်မြို့တွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံသား ၈၃ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများ လုပ်ကိုင်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့များက အဆိုပါမြို့နယ်အတွင်း စုံစမ်းရှာဖွေဖော်ထုတ်မှုများဆောင်ရွက်ခဲ့ရာ အောက်တိုဘာ ၃၁ ရက် ညနေ ၅ နာရီ ၄၅ မိနစ်ခန့်တွင် တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်ရှိ ယုဝရတ်ဟိုတယ်၌ အွန်လိုင်းလိမ်လည် လောင်းကစားမှုလုပ်ငန်းများ လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံသား အမျိုးသား ၄၂ ဦးနှင့် အမျိုးသမီး ၄၁ ဦး၊ စုစုပေါင်း ၈၃ ဦးတို့အား အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် Laptop မျိုးစုံ ၄၀ လုံး၊ ဖုန်းမျိုးစုံ ၇၅ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ အွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်ခဲ့သည့် ဖမ်းဆီးရမိသူများအား လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့် လုပ်ငန်းသုံးပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group