
ဆော်ဒီကလပ် အယ်လ်နာဆာအသင်းသည် ဆော်ဒီနိုင်ငံ၏ လုံခြုံရေးအခြေအနေအပေါ် စိုးရိမ်မှုများကြောင့် AFC ချန်ပီယံလိဂ်လူစာရင်းမှ စီရော်နယ်လ်ဒိုကို ချန်လှပ်ခဲ့ကြောင်း သိရသည်။
အယ်လ်နာဆာအသင်းသည် AFC ချန်ပီယံလိဂ် ပွဲစဉ်(၄)အဖြစ် ဥဇဘက်ကစ္စတန်ကလပ် ပတ်ခ်တာကော်အသင်းနှင့် အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ကစားရန် ခရီးထွက်ခွာခဲ့ရာတွင် စီရော်နယ်လ်ဒိုကို ချန်လှပ်ခဲ့ခြင်းဖြစ်သည်။
အယ်လ်နာဆာအသင်းက ဥဇဘက်ကစ္စတန်ခရီးစဉ်၌ စီရော်နယ်လ်ဒိုသာမက ပြင်သစ်တိုက်စစ်ကစားသမား ကင်စလေကိုးလ်မန်းနှင့် ပြင်သစ်နောက်ခံလူ မိုဟာမက်ဆီမာခန်တို့ကိုလည်း ချန်လှပ်ခဲ့ပြီး နည်းပြ ပိုစတီကိုဂလူးကမူ ပွဲစဉ်များပြားမှုနှင့် ခရီးသွားလာရမှုများကြောင့်သာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆော်ဒီနိုင်ငံတွင် ယီမင်အခြေစိုက်သူပုန်အဖွဲ့၏ ဒုံးကျည်နှင့် ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် လုံခြုံရေးအခြေအနေ စိုးရိမ်ရမှုများမှာ AFC ချန်ပီယံလိဂ်ပြိုင်ပွဲအပေါ်သက်ရောက်မှုဆက်ရှိနေဆဲဖြစ်ကြောင်း မီဒီယာများက ဖော်ပြခဲ့ကြသည်။
အယ်လ်နာဆာအသင်းသည် ပြီးခဲ့သည့်တစ်ပတ်က ယှဉ်ပြိုင်ကစားရမည့် AFC ချန်ပီယံလိဂ်ပွဲစဉ်ကိုလည်း ယူအေအီးကလပ် အယ်လ်ဝါဆယ်အသင်းက ဆော်ဒီသို့ လာရောက်ရန် ငြင်းပယ်ခဲ့ခြင်းကြောင့် ပွဲရွှေ့ဆိုင်းထားရကြောင်း သိရသည်။
အယ်လ်နာဆာအသင်းသည် AFC ချန်ပီယံလိဂ်ပြိုင်ပွဲ၌ ဆုဖလားရယူနိုင်ရန် ပစ်မှတ်ထားနေသော်လည်း နှစ်ပွဲကစားပြီးချိန်တွင် တစ်ပွဲနိုင်၊ တစ်ပွဲရှုံးထားကြောင်း သိရသည်။
အယ်လ်နာဆာအသင်းသည် ဥဇဘက်ကစ္စတန်ကလပ် ပတ်ခ်တာကော်နှင့်ပွဲကို ယနေ့ည ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ယင်းအသင်းက သုံးပွဲကစားပြီးချိန်တွင် နှစ်ပွဲသရေ၊ တစ်ပွဲရှုံးဖြင့် နိုင်ပွဲမရသေးကြောင်း သိရသည်။