Eleven Media Group

အယ်လ်ဗာရက်ဇ်ကို ခေါ်ယူရန် ကြိုးပမ်းရာတွင် စည်းမျဉ်းချိုးဖောက်ခဲ့ခြင်းကြောင့် ဘာစီလိုနာအသင်း (၆၀၂)ယူရို ဒဏ်ရိုက်ခံရ

Photo: X

ဘာစီလိုနာအသင်းသည် အက်သလက်တီကိုအသင်းမှ အာဂျင်တီးနားတိုက်စစ်မှူး အယ်လ်ဗာရက်ဇ်ကို ခေါ်ယူရန် ကြိုးပမ်းရာတွင် စည်းမျဉ်းချိုးဖောက်ခဲ့ခြင်းကြောင့် (၆၀၂)ယူရို ဒဏ်ရိုက်ခံခဲ့ရကြောင်း သိရသည်။
ဘာစီလိုနာအသင်းသည် ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့ကာလအတွင်း အယ်လ်ဗာရက်ဇ်ကို ခေါ်ယူရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ပြီး ကစားသမားနှင့် ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိခဲ့သော်လည်း အက်သလက်တီကိုအသင်းက ရောင်းချရန် ငြင်းဆန်ခဲ့သည့်အတွက် အပြောင်းအရွှေ့ မဖြစ်မြောက်ခဲ့ခြင်းဖြစ်သည်။
ဘာစီလိုနာအသင်းအနေဖြင့် အယ်လ်ဗာရက်ဇ်ကို ခေါ်ယူရန် ကြိုးပမ်းရာတွင် အက်သလက်တီကိုအသင်းထံ ကြိုတင်အသိပေးခြင်းမရှိဘဲ ချဉ်းကပ်ခဲ့သည့်အတွက် အက်သလက်တီကိုအသင်းက စပိန်ဘောလုံးအဖွဲ့ချုပ်(RFEF)နှင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)တို့ထံ တိုင်ကြားခဲ့သည်။
ယခုအခါ စပိန်ဘောလုံးအဖွဲ့ချုပ်က ဘာစီလိုနာအသင်းကို စည်းမျဉ်းချိုးဖောက်သည်ဟု သတ်မှတ်ကာ ဒဏ်ငွေ (၆၀၂)ယူရို ပေးဆောင်ရန် ညွှန်ကြားခဲ့ခြင်းဖြစ်ပြီး ဖီဖာကမူ ၎င်းတို့၏ စီရင်ပိုင်ခွင့်အတွင်း ပါဝင်ခြင်းမရှိဟု ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
ဘာစီလိုနာအသင်းသည် ၂၀၁၉ နွေရာသီကာလအတွင်း အက်သလက်တီကိုအသင်းမှ ပြင်သစ်တိုက်စစ်ကစားသမား ဂရီးဇ်မန်းကို ခေါ်ယူခဲ့ရာတွင်လည်း ယခုကဲ့သို့ပင် စည်းချဉ်းချိုးဖောက်ကာ ချဉ်းကပ်ခဲ့ခြင်းကြောင့် ယူရို(၃၀၀) ဒဏ်ရိုက်ခံခဲ့ရဖူးကြောင်း သိရသည်။
အယ်လ်ဗာရက်ဇ်သည် အက်သလက်တီကိုအသင်းနှင့် ၂၀၃၀ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသော်လည်း လာမည့်နွေရာသီတွင် သေချာပေါက်လမ်းခွဲလိမ့်မည်ဟု ထင်ကြေးပေးခံထားရသည်။

မူရင်းသတင်း — Eleven Media Group