
ဘိုင်ယန်မြူးနစ်အသင်းသည် အသင်းအတွက် Ballon d'Or ဆု ပြန်လည်ရယူပေးခဲ့သည့် အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းကို ဂုဏ်ပြုကြိုဆိုမှုများ ပြုလုပ်သွားရန် စီစဉ်နေကြောင်း သိရသည်။
ဟာရီကိန်းသည် ဘိုင်ယန်မြူးနစ်ကစားသမားများထဲမှ Ballon d'Or ဆု ရယူနိုင်သည့် စတုတ္ထမြောက် ကစားသမားဖြစ်ပြီး ၁၉၈၁ ခုနှစ်က ရူမင်နစ်ဂီ ရရှိခဲ့ပြီးနောက်ပိုင်း (၄၅)နှစ်ကြာမှ ပြန်လည်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။
ဟာရီကိန်းမတိုင်မီ ဘိုင်ယန်မြူးနစ်အသင်းအတွက် Ballon d'Or ဆု ရယူပေးခဲ့သူများမှာ ဂတ်မူလာ(၁၉၇၀)၊ ဘက်ကင်ဘောင်ဝါ(၁၉၇၂၊ ၁၉၇၆)နှင့် ရူမင်နစ်ဂီ(၁၉၈၀၊ ၁၉၈၁)တို့ဖြစ်သည်။
''ဟာရီကိန်းရဲ့ စွမ်းဆောင်မှုအတွက် ကျွန်တော်တို့အားလုံး ဝမ်းမြောက်မိပါတယ်။ ဟာရီက တိုက်စစ်မှူးတွေရဲ့ အခန်းကဏ္ဍကို နောက်တစ်ဆင့်မြှင့်တင်ပေးခဲ့သူဖြစ်ပြီး ဘောလုံးသမိုင်းတစ်လျှောက် အကောင်းဆုံးတွေက တစ်ဦးဆိုတာ သံသယဖြစ်စရာမရှိပါဘူး'' ဟု ဘိုင်ယန်မြူးနစ်အားကစားဒါရိုက်တာ ခရစ္စတို့ဖရိုက်ဒ်က ပြောကြားခဲ့သည်။
ဟာရီကိန်းသည် လန်ဒန်တွင် Ballon d'Or ဆု ရယူခဲ့ပြီးနောက် အင်္ဂါနေ့က ဂျာမနီသို့ ပြန်လည်ရောက်ရှိခဲ့ပြီး လေ့ကျင့်ရေးကွင်းသို့ သွားရောက်ခဲ့ရာ ဘိုင်ယန်မြူးနစ်အသင်း၏ နည်းပြအဖွဲ့ဝင်များက Guard of Honour ဖြင့် ကြိုဆိုခဲ့ကြကြောင်းလည်း သိရသည်။
ဘိုင်ယန်မြူးနစ်အသင်းသည် ယနေ့ညတွင် ဂျာမန်ဖလားဒုတိယအဆင့်ပွဲစဉ် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ယင်းပွဲ ဟာရီကိန်းကို ထူးခြားသည့် ဂုဏ်ပြုကြိုဆိုမှု ပြုလုပ်သွားမည်ဖြစ်သလို၊ ဒေါ့မွန်အသင်းနှင့် ယှဉ်ပြိုင်ရမည့် စနေနေ့ ဘွန်ဒစ်လီဂါပွဲစဉ်တွင်လည်း ဂုဏ်ပြုကြိုဆိုမှု ပြုလုပ်သွားရန် စီစဉ်ထားကြောင်း သိရသည်။