
ရီးယဲလ်မက်ဒရစ်နည်းပြ မော်ရင်ဟိုက မိမိတို့အသင်းအနေဖြင့် အကောင်းဆုံးအနေအထားကို မရောက်ရှိသေးသော်လည်း တိုးတက်မှုရှိနေပြီဟု သုံးသပ်ပြောကြားခဲ့သည်။
နာမည်ကျော် ပေါ်တူဂီနည်းပြမော်ရင်ဟို (၆၃ နှစ်)သည် ရီးယဲလ်မက်ဒရစ်အသင်းကို ယခုရာသီတွင် တစ်ကျော့ပြန်ကိုင်တွယ်နေခြင်းဖြစ်ပြီး လက်ရှိအချိန်၌ ပြိုင်ပွဲစုံ(၆)ပွဲဆက် အနိုင်ရရှိထားသည်။
ရီးယဲလ်အသင်းသည် ယခုရာသီ၌ ပြိုင်ပွဲစုံ(၁၄)ပွဲ ယှဉ်ပြိုင်ကစားထားရာ လာလီဂါတွင် ဘက်တစ်နှင့် အက်သလက်တီကိုတို့ကိုသာ ရှုံးနိမ့်၍ ကျန်(၁၂)ပွဲကို အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။
''ကျွန်တော်တို့ (၁၀၀)ရာခိုင်နှုန်း မစွမ်းဆောင်နိုင်သေးပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ လုပ်ဆောင်မှုက တိုးတက်မှုရှိနေပါတယ်။ (၄)လမပြည့်သေးတဲ့အချိန်က အများကြီးမဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ တစ်လှမ်းချင်းရှေ့ကို သွားနေပါတယ်'' ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။
ရီးယဲလ်အသင်းသည် နောက်ဆုံး(၆)ပွဲ၌ (၁၈)ဂိုးအထိ သွင်းယူနိုင်ခဲ့သော်လည်း မော်ရင်ဟိုက ပြိုင်ဘက်ဂိုးပေါက်ရှေ့၌ ယခုထက်ပို၍ ထိရောက်မှုရှိရန် လိုအပ်နေသေးကြောင်းလည်း သုံးသပ်ပြောကြားခဲ့သည်။
ရီးယဲလ်အသင်းသည် လက်ရှိအချိန်၌ နိုင်ပွဲဆက်နေသော်လည်း လာလီဂါအမှတ်ပေးဇယားတွင်မူ ဘာစီလိုနာနှင့် အက်သလက်တီကိုတို့၏နောက် တတိယနေရာတွင်သာ ရပ်တည်လျက်ရှိကြောင်း သိရသည်။