Myanmar Digital News

အမျိုးသားအကျိုးစီးပွားကိုကာကွယ် အာဆီယံမူဘောင်အောက်တွင်လက်တွဲ

မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် တာဝန်သိအဖွဲ့ဝင်နိုင်ငံအဖြစ် အာဆီယံမူဘောင်အောက်တွင် အပြည့်အဝပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ပြီးခဲ့သည့်ကာလအတွင်း နိုင်ငံရေးဖိအားများကြောင့် မြန်မာနိုင်ငံအပေါ် အာဆီယံထုတ်ပြန်ချက်(၅)ရပ်နှင့်ပတ်သက်၍ နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားနှင့် အချုပ်အခြာအာဏာကို မထိခိုက်စေဘဲ နိုင်ငံတော်အစိုးရ၏ ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များနှင့်အညီ အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရအနေဖြင့် “နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုရရှိရေး”အတွက် ဦးစားပေးရည်မှန်းချက်နှစ်ရပ်ထားရှိကာ အရှိန်အဟုန်မြှင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတည်ငြိမ်အေးချမ်းမှုကိုထိခိုက်စေသည့် အကြမ်းဖက်တိုက်ဖျက်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ပြည်ပမှလက်ခံရရှိသည့် လူသားချင်းစာနာမှု အကူအညီများအပြင် အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ လူသားအရင်းအမြစ်များကို အသုံးပြု၍ ပြည်သူများအတွက် ကူညီပံ့ပိုးပေးလျက်ရှိသည်။

 

၂၀၂၆ ခုနှစ် အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးသည် မြန်မာနိုင်ငံသို့ရောက်ရှိခဲ့ပြီး အာဆီယံမူဘောင်အောက်တွင် အာဆီယံအဖွဲ့အတွင်း မြန်မာနိုင်ငံ၏အခန်းကဏ္ဍနှင့် အခွင့်အရေးများ ပြန်လည်ထိန်းသိမ်းနိုင်မည့်နည်းလမ်းများကို မကြာမီကျင်းပပြုလုပ်မည့် (၄၉)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးများတွင် ပြန်လည်သုံးသပ်ဆုံးဖြတ်နိုင်ရေး ဆွေးနွေးခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မစ္စမာရီယာ ထရက်ဆာအနေဖြင့် အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အဖြစ် မြန်မာနိုင်ငံသို့ နောက်ဆုံးလာရောက်ခဲ့ခြင်းဖြစ်သည်။ ခရီးစဉ်အတွင်းလေ့လာသိရှိခဲ့မှုများကို မကြာမီကျင်းပမည့်(၄၉)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် တင်ပြဆောင်ရွက်သွားမည်ဖြစ်သည်။

 

အာဆီယံအဖွဲ့ကြီးအတွင်း မြန်မာနိုင်ငံ၏ မူလအခန်းကဏ္ဍနှင့်အခွင့်အရေးများကို ပြန်လည်ဖော်ဆောင်နိုင်မည့် မြန်မာဦးဆောင်သော မြန်မာ့ကိုယ်ပိုင်နည်းလမ်းများကို ရှာဖွေဖော်ထုတ်ရန်နှင့် မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုအကူအညီများ ပိုမိုပေးနိုင်ရန်အတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် လွတ်လပ်၍တရားမျှတသော ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲမှ ပေါ်ထွက်လာသည့် လွှတ်တော်များမှ ရွေးချယ်ပေးခဲ့ပြီး စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

 

တပ်မတော်အနေဖြင့် ပြည်သူလူထုအေးချမ်းစွာနေထိုင်နိုင်ရေးအတွက် အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေးကို ဆောင်ရွက်လျက်ရှိပြီး ပြန်လည်ထိန်းချုပ်နိုင် သည့်ဒေသများတွင် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုဖြင့် ယာယီနေရပ်စွန့်ခွာကြရသည့် ဒေသခံတိုင်းရင်းသားပြည်သူများအား ၎င်းတို့နေရပ်ဒေသများတွင် ပြန်လည်အခြေချနေထိုင်နိုင်ရေး၊ ဒေသခံတိုင်းရင်းသားပြည်သူများ၏ ပညာရေး၊ ကျန်းမာရေးစသည့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်သည့်ကူညီ ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ အာဆီယံ၏ လူသားချင်းစာနာမှုအကူအညီများကို အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာမှု အကူအညီပေးအပ်ရေးညှိနှိုင်းမှုဗဟိုဌာနမှတစ်ဆင့် မြန်မာနိုင်ငံသို့ ၂၀၂၁ ခုနှစ် စက်တင်ဘာလမှစ၍ ပထမအဆင့် (အသက်ကယ်ဆယ်ရေး)နှင့် ဒုတိယအဆင့် (ဘဝရှင်သန်တည်မြဲရေး)ဟူ၍ အဆင့် ၂ ဆင့်ဖြင့် ထောက်ပံ့ကူညီပေးအပ်လျက်ရှိသည်။

 

အာဆီယံက AHA Centre မှတစ်ဆင့် မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှု အကူအညီပေးအပ်ခဲ့သည့် တန်ဖိုးသည် ၂၀၂၁ ခုနှစ် စက်တင်ဘာလမှ ၂၀၂၆ ခုနှစ် စက်တင်ဘာလအထိ အမေရိကန်ဒေါ်လာ ၂၇ ဒသမ ၄ သန်းခန့်ရှိပြီဖြစ်သည်။ မြန်မာနိုင်ငံအစိုးရအနေဖြင့် ရန်ကုန်မြို့အခြေစိုက် အာဆီယံနိုင်ငံသံရုံးများမှ ကိုယ်စားလှယ်များပါဝင်သည့် အာဆီယံလေ့လာစောင့်ကြည့်ရေးအဖွဲ့အား AHA Centre ၏ လူသားချင်းစာနာမှုအကူအညီဖြန့်ဝေပေးမှုများကို လက်တွေ့လေ့လာကြည့်ရှုနိုင်ရန် ခွင့်ပြုပေးခဲ့သည်။ အာဆီယံလေ့လာစောင့်ကြည့်ရေးအဖွဲ့အနေဖြင့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၆ ခုနှစ် ဇူလိုင်လအထိ လက်တွေ့လေ့လာကြည့်ရှုမှု ၁၇ ကြိမ်၊ အဝေးရောက်လေ့လာကြည့်ရှုမှုတစ်ကြိမ် စုစုပေါင်း ၁၈ ကြိမ် ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။

 

သို့ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် အာဆီယံထုတ်ပြန်ချက် (၅)ရပ်၏ အချက်(၄)ဖြစ်သည့် အာဆီယံက AHA Centre မှတစ်ဆင့် မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှု အကူအညီပေးအပ်သည့် လုပ်ငန်းစဉ်များတွင် တက်တက်ကြွကြွပူးပေါင်းဆောင်ရွက်လျက်ရှိပြီး တာဝန်သိအဖွဲ့ဝင်နိုင်ငံအဖြစ် အာဆီယံမူဘောင်အောက်တွင် အပြည့်အဝ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ အာဆီယံအဖွဲ့ကြီးအတွင်း မြန်မာနိုင်ငံ၏ မူလအခန်းကဏ္ဍနှင့် အခွင့်အရေးများကို ပြန်လည်ဖော်ဆောင်နိုင်မည့် မြန်မာဦးဆောင်သော မြန်မာ့ကိုယ်ပိုင်နည်းလမ်းများဖြင့် မြန်မာနိုင်ငံ၏ အခန်းကဏ္ဍသည် အာဆီယံနိုင်ငံများကြားတွင် အခိုင်အမာပြန်လည်ရပ်တည်နိုင်မည်ဟု ယုံကြည်ပါကြောင်း။ ။

မူရင်းသတင်း — Myanmar Digital News