
ပုဇွန်တောင်မြို့နယ် သိမ်ဖြူလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်ရှိ ရေတွန်းစက်အဆောက်အဦတွင် တပ်ဆင်ထားသော ရေပေးဝေရေးပိုက်လိုင်းများအတွင်းသို့ ကလိုရင်းဆေးခတ်ခြင်းဆောင်ရွက်သည့် Chlorine Dosing Pump ခိုးယူခံရကြောင်း အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု) ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)အနေဖြင့် ရန်ကုန်မြို့တော် နေပြည်သူများထံသို့ ရေအရင်းအမြစ်ကြီးများနှင့် ရေသန့်စင်စက်ရုံ များမှ သန့်စင်ပြီးသော သောက်သုံးရေများကို ရေတွန်းစက်ကြီးများအသုံးပြု၍ ရေပို့ပိုက်မကြီးများမှ တစ်ဆင့် ရေစုကန်များသို့လည်းကောင်း၊ ထိုမှတစ်ဆင့် မြို့နယ်အတွင်းရှိ ရေဖြန့်ဖြူးရေးပိုက်လိုင်း ကွန်ရက်များအတွင်းသို့လည်းကောင်း အဆင့်ဆင့် ရေသုံးစွဲသူများထံသို့ စနစ်တကျပို့ဆောင် ဖြန့်ဖြူးပေးဝေလျက်ရှိကြောင်း သိရသည်။
ယင်းအပြင် ရေတွင်ပါဝင်သည့် Bacteria များကို ဖယ်ရှားသန့်စင်ရန်အတွက် ငမိုးရိပ်ရေသန့်စင် စက်ရုံ(ညောင်နှစ်ပင်)၊ လဂွန်းပြင်ရေသန့်စင်စက်ရုံ၊ လှော်ကားရေတွန်းစက်ရုံ၊ ရေကူးရေတွန်းစက်ရုံ တို့တွင် ကလိုရင်းဆေးခတ် ပိုးသတ်သည့်စနစ်ထည့်သွင်း ဆောင်ရွက်သည့် အပြင် မိုးရာသီကာလတွင် ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်ပွားမှု ကြိုတင်ကာကွယ် နိုင်ရန်အတွက် မြို့နယ်များရှိ ရေပေးဝေရေး ပိုက်လိုင်းကွန်ရက်များအတွင်း ထပ်ဆင့်ကလိုရင်းဆေးခတ်ခြင်းများ ကိုလည်း ဆောင်ရွက်လျက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ထားရှိရာတွင် ပုဇွန်တောင်မြို့နယ်၊ သိမ်ဖြူလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်ရှိ ဗိုလ်တထောင်မြို့နယ်၊ ကျောက်တံတားမြို့နယ် နှင့် ပုဇွန်တောင်မြို့နယ် များသို့ ထပ်ဆင့်ရေတွန်း ပေးဝေနေသောရေတွန်းစက်အဆောက်အဦတွင် တပ်ဆင်ထားသော ရေဖြန့်ဖြူးပေးဝေရေးပိုက်လိုင်းများအတွင်းသို့ ကလိုရင်းဆေးခတ်ခြင်းဆောင်ရွက်နေသည့် Chlorine Dosing Pump မှာ အောက်တိုဘာ ၂၈ ရက် နံနက် ၄ နာရီတွင် ရေတွန်းစက်အဆောက်အဦ ၏ တံခါးအား ဖျက်၍ ခိုးယူခြင်းခံရကြောင်း သိရသည်။
သို့ဖြစ်၍ အဆိုပါ Chlorine Dosing Pump ခိုးယူသွားသူများအနေဖြင့်လည်း အမြန်ဆုံးပြန်လည် အပ်နှံပေးပါရန် နှင့် ခိုးယူခြင်းခံရမှုဖြစ်စဉ်အား ပုဇွန်တောင်မြို့နယ်ရဲစခန်းတွင် အမှုဖွင့်လှစ်၍ အရေးယူနိုင်ရေး ဆောင်ရွက်ထား ရှိကြောင်း အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။