Eleven Media Group

■ ဟူရ်သီထိန်းချုပ်ထားသည့် ဟိုဒေဒါပြည်နယ်ရှိ ဆိပ်ကမ်းနှင့် ရေနံစက်ရုံတို့ကို ဆော်ဒီကတိုက်ခိုက်သဖြင့် ခုနစ်ဦး ဒဏ်ရာရ

ဟူရ်သီထိန်းချုပ်ထားသည့် ဟိုဒေဒါပြည်နယ်ရှိ ဆိပ်ကမ်းနှင့် ရေနံစက်ရုံတို့ကို ဆော်ဒီကတိုက်ခိုက်သဖြင့် ခုနစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုဝင်ဘာ ၂ ရက်တွင် ဟူရ်သီကျန်း မာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အနီးအလက်ဆဘာဟီက X တွင် ပို့စ်တင်ခဲ့သည်။

ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတစ်နိုင်ငံဖြစ်သည့် ယီမင်တွင် ပြည်တွင်းစစ် ပြန်လည်ဖြစ်ပွားခဲ့ပြီးနောက် အီရန် အထောက်အပံ့ပေးထားသောဟူရ်သီအုပ်စုက ယီမင်၏အပြည်ပြည်ဆိုင်ရာအသိအမှတ်ပြုအစိုးရကို ထောက်ခံသောဆော်ဒီဦးဆောင်သည့် ညွန့်ပေါင်းနှင့် တိုက်ခိုက်လျက်ရှိသည်။

ရက်စ်အီဆာဆိပ်ကမ်းကို ဆော်ဒီညွန့်ပေါင်း၏တိုက်ခိုက်မှုများကြောင့် အရပ်သား လေးဦး ဒဏ်ရာရခဲ့ပြီး ဘာဂျီးလ်ခရိုင်ရှိ ရေနံစက်ရုံ တိုက်ခိုက်ခံရသဖြင့် နောက်ထပ်သုံးဦး ဒဏ်ရာရသွားခဲ့သည်ဟု ဟူရ်သီကျန်း မာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ
အနီးအလက်ဆဘာဟီက X တွင် ပို့စ်တင်ခဲ့သည်။

"ရေနံစက်ရုံတွေနဲ့ အရေးပါတဲ့ ဆိပ်ကမ်းတွေကို အဲဒီလို ထပ်တလဲလဲ တိုက်ခိုက်နေတာတွေဟာ နိုင်ငံတကာလူသားချင်းစာနာမှု ဥပဒေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေတာဖြစ်ပါတယ်။ အရပ်သားတွေနဲ့ အရေးကြီးတဲ့ အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထားတာတွေဟာ ယီမင်မှာ ဆက်တိုက်ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေကို တိုးလာစေပါတယ်"ဟု သူက ဖော်ပြခဲ့သည်။

ဆော်ဒီအာရေဗျက ရက်အီဆာဆိပ်ကမ်းရှိ ဆိပ်ခံတံတားနှင့် ကုန်သင်္ဘောတစ်စင်းတို့ကို တိုက်ခိုက်ခဲ့သည်ဟု ဟူရ်သီ၏ အယ်မာစီယာ ရုပ်သံလိုင်းက စောစောပိုင်းတွင် ဖော်ပြခဲ့သည်။

ဟူရ်သီထိန်းချုပ်ထားသည် ဟိုဒေဒါပြည်နယ်သည် အကြီးဆုံး ရေနက်ဆိပ်ကမ်းရှိပြီး ဟူရ်သီထိန်းချုပ်ထားသည့် ဒေသများသို့ စားနပ်ရိက္ခာနှင့် အကူအညီများ အဓိက ဝင်ရောက်လာလမ်းကြောင်းဖြစ်သည်။

Ref:AFP

မူရင်းသတင်း — Eleven Media Group