
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်လုံးဆိုင်ရာ (၉၅) ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူဘုရားများ ဒေသစာရီလှည့်လည် ပူဇော်ပွဲနှင့်အတူ ကေတုမတီ (တောင်ငူ) မြို့တည်နန်းတည် ၅၁၆ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားများကို ၁၃၈၈ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၃ ရက်မှ တန်ဆောင်မုန်းလပြည့်နေ့အထိ (နိုဝင်ဘာ ၂၂ ရက်မှ ၂၄ ရက်အထိ) သုံးရက်ကြာကျင်းပမည်ဖြစ်ပြီး တောင်ငူခေတ်ဝတ်စားဆင်ယင်မှုများဖြင့် မြို့တွင်းလှည့်လည်သရုပ်ပြမည့် ဝင်းခင်း အစီအစဉ် မပါဝင်ကြောင်း ကေလဇာတီဘုရား ဂေါပကအဖွဲ့တာဝန်ရှိသူထံမှ သိရသည်။
ကေတုမတီ (တောင်ငူ) မြို့တည်နန်းတည် အထိမ်းအမှတ်အခမ်းအနားကို နှစ် ၅၀၀ ပြည့် (၂၀၁၀ ပြည့်နှစ်) မှ ၅၀၉ နှစ်ပြည့် (၂၀၁၉ ခုနှစ်) အထိ နှစ်စဉ်ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။
ဝင်းခင်းအခမ်းအနားတွင် ရုပ်ရှင်သရုပ်ဆောင် မင်းသား၊ မင်းသမီးများက တောင်ငူဘုရင်၊ မိဘုရား၊ အမတ်ကြီး၊ ဝန်မင်း၊ စစ်သူကြီး၊ နန်းတွင်းသူ၊ နန်းတွင်းသားများနေရာ၌ သရုပ်ဆောင်ကြပြီး တောင်ငူမြို့တွင်းလမ်းများတွင် လှည့်လည်ဝင်းခင်း သရုပ်ပြကြရာ တောင်ငူခရိုင်အတွင်းမြို့နယ်များမှ ပြည်သူသိန်းဂဏန်းဝန်းကျင်အထိ လာရောက်အားပေးကြသော မြို့တည်နန်းတည်ပွဲတော်တစ်ခုဖြစ်ကြောင်း သိရသည်။
အဆိုပါမြို့တည်နန်းတည်အခမ်းအနားကို ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၅ ခုနှစ်အထိ ခြောက်နှစ်ကြာအထိ ကျင်းပနိုင်ခြင်းမရှိဘဲ ၂၀၂၆ ခုနှစ်မှ မြို့တည်နန်းတည်အထိမ်းအမှတ်ပွဲကို ထည့်သွင်းကျင်းပမည်ဖြစ်သော်လည်း ရုပ်ရှင်သရုပ်ဆောင်များ ပါဝင်သော တောင်ငူဘုရင်ခေတ် နန်းတွင်းဝတ်စားဆင်ယင်မှုများနှင့် ဝင်းခင်းသရုပ်ပြခြင်းအလမ်းအနားကို ကျင်းပမည် မဟုတ်ကြောင်း သိရသည်။
''မင်းသား မင်းသမီးတွေနဲ့ ဝင်းခင်းတာမျိုးတော့ ဒီနှစ်မပါဘူး။ ဖိုးချစ်ဇာတ်အဖွဲ့ကတော့ မိုင်ဒါကွင်းထဲမှာ ကပြပါမယ်။ ကျန်တာတော့ သေချာအသေးစိတ်မသိရသေးဘူး နီးမှသိရမယ်။ လဆန်း ၁၃ ရက်နေ့ နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်တဲ့ အစီအစဉ်မှာလည်း ဘုရားကားတွေနဲ့အတူ စတိတ်ရှိုး တီးဝိုင်းကားတွေမပါဘူး။ ဘုရားတွေ အပူဇော်ခံလှည့်လည်မယ်။ မြေဝိုင်းအကတွေပါမယ်။ ရပ်ကွက်အလိုက် သူ့ဘုရားနဲ့သူ မြန်မာ့ရိုးရာ အတီးအမှုတ်အကတွေပဲ ပါပါမယ်။ ဘုရားလှည့်တဲ့နေ့မှာ တီးဝိုင်းကားတွေမပါဘူး'' ဟု ကေလဇာတီဘုရား ဂေါပကအဖွဲ့တာဝန်ရှိသူက ပြောကြားသည်။
ယခုနှစ်ကျင်းပမည့် ၅၁၆ နှစ်ပြည့် ကေတုမတီ (တောင်ငူ) မြို့တည်နန်းတည် အထိမ်းအမှတ်အခမ်းအနားတွင် ထီးတော်တင်လှူပွဲများနှင့် မီးကြာခွက်များ မီးမျှောခြင်းအခမ်းအနားများ ထည့်သွင်းကျင်းပမည်ဖြစ်သည်။
အခမ်းအနားအစီအစဉ်အရ နိုဝင်ဘာ ၂၂ ရက် နံနက်ပိုင်းတွင် ရွှေဟင်္သာဘုရား (မြတ်စောညီနောင်) ထီးတော်တင်လှူပွဲနှင့် မြစည်းခုံဘုရား ရေစက်ချအခမ်းအနားတို့ကို ပြုလုပ်မည်ဖြစ်ကာ ညနေပိုင်းတွင် နှစ်ကျိပ်ရှစ်ဆူဘုရားများ ဒေသစာရီ လှည့်လည်ပူဇော်ပွဲ ကျင်းပမည်ဖြစ်သည်။
နိုဝင်ဘာ ၂၃ ရက် နံနက်ပိုင်းတွင် လောကုတ္တရာဘုရား ထီးတော်တင်လှူပွဲနှင့် ဝေဠုဝန်စာသင်တိုက် သိမ်ရေစက်ချ အခမ်းအနား ပြုလုပ်မည်ဖြစ်ပြီး မွန်းလွဲပိုင်းတွင် ဘာသာကြီးသုံးခုလှူဒါန်းပွဲနှင့် သက်ကြီးဘိုးဘွားပူဇော်ပွဲတို့ကို ကျင်းပမည်ဖြစ်ကြောင်း၊ ညနေပိုင်းတွင် သီတဂူပညာဒါနစာသင်ကျောင်း ဖွင့်ပွဲအခမ်းအနားကိုလည်း ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။
တန်ဆောင်မုန်းလပြည့်နေ့ဖြစ်သည့် နိုဝင်ဘာ ၂၄ ရက် နံနက်ပိုင်းတွင် သံဃာတော် ၅၁၆ ပါးအား အာရုံဆွမ်းကပ်လှူပွဲ၊ ငလျင်ဘေးသင့်ဘုရားများ ပြုပြင်ခြင်းနှင့် အထွေထွေလှူဒါန်းမှုများအတွက် ရေစက်ချအခမ်းအနား၊ ဆုပေးဂုဏ်ပြုပွဲတို့ကို ကျင်းပသွားမည်ဖြစ်ပြီး ညပိုင်းတွင် သမိုင်းဝင်လေးကျွန်းကန်တော်ကြီးအတွင်း မီးကြာကွက်မျှောပွဲကို ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
ထို့နောက် တောင်ငူမြို့မ မိုင်ဒါအားကစားကွင်းအတွင်း၌ ဖိုးချစ်ဇာတ်သဘင်အဖွဲ့၏ ဖျော်ဖြေမှုများနှင့် ခေတ်ပေါ်တေးဂီတ (စတိတ်ရှိုး) ဖျော်ဖြေပွဲများ ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်း မဟာမုနိကေလဇာတီဘုရား ဂေါပကအဖွဲ့ထံမှသိရသည်။
ကေတုမတီ (တောင်ငူမြို့) အား မြန်မာသက္ကရာဇ် ၈၇၂ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်၊ အင်္ဂါနေ့ ၂ ချက်တီးအချိန်တွင် (မဟာသီရိဇေယျသူရ) ဘွဲ့အမည်ခံ တောင်ငူဘုရင်မင်းကြီးညိုက တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ဘုရင်မင်းကြီးညို နတ်ရွာစံပြီးနောက် သားတော်တပင်ရွှေထီးနှင့် ဘုရင့်နောင်မင်းတရားကြီးတို့က အစဉ်အဆက်အုပ်ချုပ်ခဲ့ကြသည်။ ၎င်းမင်းများလက်ထက်တွင် ကေတုမတီ (တောင်ငူ) မင်းနေပြည်တော်မှာ ဘုန်းတန်ခိုးအာဏာကြီးထွား၍ တောင်ငူခေတ်သည် ဒုတိယမြန်မာနိုင်ငံတော်ထူထောင်နိုင်ခဲ့သော ခေတ်တစ်ခေတ်ဖြစ်ကြောင်း သမိုင်းမှတ်တမ်း များအရသိရသည်။