Eleven Media Group

■ ဖလော်ရီဒါတွင် လူကိုးဦးလိုက်ပါလာသည့် ဂျက်လေယာဉ် တစ်စင်းပျက်ကျခဲ့ရာ လိုက်ပါလာသူအားလုံး သေဆုံး

နိုဝင်ဘာ ၁ ရက်တွင် အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်တောင်ပိုင်းရှိ လူနေရပ်ကွက်တစ်ခုအတွင်း လူကိုးဦးလိုက်ပါလာသည့် ဂျက်လေယာဉ်တစ်စင်း အရှိန်ဖြင့်ထိုးဆင်းကာ ပေါက်ကွဲလောင်ကျွမ်းခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်ကြောင့် လေယာဉ်ပေါ်လိုက်ပါလာသူအားလုံး သေဆုံးခဲ့ကြောင်း အမေရိကန်ပို့ဆောင်ရေးဝန်ကြီး ရှောင်ဒပ်ဖီက ပြောကြားသည်။

လေယာဉ်သည် လူသွားလူလာများသည့် လမ်းမကြီးအနီးရှိ နေအိမ်များကို ကပ်လျက်ဖြတ်သန်းကာ ပျက်ကျခဲ့ခြင်းဖြစ်ပြီး မြေပြင်ပေါ်တွင် လူထိခိုက်ဒဏ်ရာရမှု ၊ သေဆုံးမှု ရှိ မရှိကို မသိရသေးပေ။ ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်ခန့်တွင် လေယာဉ်ပျက်ကျခဲ့ခြင်းဖြစ်ပြီး အဆိုပါနေရာသည် သမ္မတဒေါ်နယ်ထရန့်၏ Mar-a-Lago အပန်းဖြေစခန်းရှိရာ ပမ်းဘိချ်ကောင်တီမှ ကိုးမိုင်ခန့်အကွာတွင် တည်ရှိသည်။

လေကြောင်းထိန်းချုပ်ရေးမျှော်စင်နှင့် လေယာဉ်မှူးတို့အကြား ပျက်ကျမှုမဖြစ်မီ ဆက်သွယ်ပြောဆိုထားသည့် အသံဖိုင်အရ လေယာဉ်သည် တစ်မိနစ်လျှင် ပေ ၁၀,၀၀၀ နှုန်းဖြင့် အမြင့်မှထိုးဆင်းနေကြောင်း လေယာဉ်မှူးက ပြောခဲ့သည်ဟု CBS သတင်းဌာနက ဖော်ပြသည်။

ထို့နောက် လေယာဉ်မှူးက အရေးပေါ်အခြေအနေဖြစ်ကြောင်း ကြေညာခဲ့ပြီး လေယာဉ်က တစ်မိနစ်လျှင် ပေ ၂၀,၀၀၀ နှုန်းဖြင့် အရှိန်လွန်ထိုးဆင်းလာကြောင်း အော်ဟစ်ပြောဆိုခဲ့သည်။ ထို့နောက် “လေယာဉ်ပျက်ကျတော့မယ်။ အချိန်မရှိတော့ဘူး” ဟုလည်း လေကြောင်းထိန်းချုပ်ရေးမျှော်စင်သို့ ပြောခဲ့သည်။

အဆိုပါဂျက်လေယာဉ်သည် တက္ကဆက်ပြည်နယ်ရှိ အော်စတင်-ဘာ့ဂ်စထရွမ်း အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာလာကာ ဘဟားမားစ်နိုင်ငံသို့ ဦးတည်ပျံသန်းနေခြင်းဖြစ်သည်။ လေယာဉ်ပျက်ကျချိန် ထိုဒေသ၌ မိုးသက်မုန်တိုင်းများ ဖြစ်ပွားနေကြောင်းလည်း သတင်းများတွင် ဖော်ပြကြသည်။

Ref: AP & BBC

မူရင်းသတင်း — Eleven Media Group