
ရှမ်းပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေးတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ် အား ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ခန့်အပ်ကြောင်း ရှမ်းပြည်နယ်လွှတ်တော်မှ သဘောတူခဲ့ကြောင်း သိရသည်။
တတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၂၆) ကို နိုဝင်ဘာ ၂ ရက်၊ နေ့လည်ပိုင်းတွင် ကျင်းပ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ဦးစွာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် မှ ကတိသစ္စာပြုခြင်း နှင့် ကတိသစ္စာ ပြုလွှာပေါ်တွင် လက်မှတ်ရေး ထိုးခဲ့ကာ ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး အစားထိုးပြောင်းလဲ တာဝန်ပေးအပ်ထားသည့် တပ်မတော်သား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်၏ အမည်စာရင်းအား လွှတ်တော်သို့ အဆိုပြုတင်သွင်းပြီး လွှတ်တော်၏ သဘောတူညီချက်ကို ရယူရာ ကန့်ကွက်သူမရှိ အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.ထို့နောက် ပြည်နယ်တရားလွှတ်တော် တရားသူကြီးအဖြစ် ခန့်အပ်တာဝန်ပေးခံထားရသူ ဒေါ်အေးအေးလှိုင်က လွှတ်တော်ဥက္ကဋ္ဌ၏ ရှေ့မှောက်တွင် ကတိသစ္စာပြုခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးတွင် ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး နန်းခမ်းလူက ရှမ်းပြည်နယ်စာကြည့်တိုက်ဥပဒေ (မူကြမ်း)အား လွှတ်တော်သို့ တင်သွင်းဖတ်ကြားခဲ့ကြောင်း သိရသည်။