
နိုဝင်ဘာ ၂ – ၂၀၂၆
SN (VOM)
အယ်လ်နီညိုဖြစ်စဥ်ကြောင့် အီကွေတာအနီးရှိ အပူပိုင်း ပစိဖိတ်သမုဒ္ဒရာရဲ့ ပင်လယ်ရေမျက်နှာပြင် အပူချိန်မှာ ပုံမှန် အပူချိန်အထက်ကို ၂ ဒသအ ၅ ဒီဂရီဆဲလ်စီးယပ်မှ ၂ ဒသအ ၈ ဒီဂရီဆဲလ်စီးယပ်အထိ ထပ်မံ မြင့်တက်လာတယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ဒီကနေ့ နိုဝင်ဘာ ၁ ရက်မှာ သတင်း ထုတ်ပြန်ထားပါတယ်။
ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်နဲ့ နိုင်ငံတကာ ရာသီဥတုဗဟိုဌာနတွေရဲ့ ထုတ်ပြန်ချက်တွေကို အခြေခံကာ ခန့်မှန်း သုံးသပ်ထားတာဖြစ်ပြီး လေထုဖြစ်စဉ်တွေဟာ လက်ရှိမှာ အားအလွန်ကောင်းတဲ့ အယ်လ်နီညိုအခြေအနေမှာ ဆက်လက် တည်ရှိနေပြီး အခု ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလမှာ အယ်လ်နီညို အမြင့်ဆုံးအခြေအနေကို ရောက်ရှိနိုင်တယ်လို့ သိရပါတယ်။
“အခုဖြစ်နေတဲ့ အယ်လ်နီညိုဟာ ပုံမှန် အယ်လ်နီညိုနှစ်တွေထက် အပူချိန် ပိုပြီး ပြင်းထန်နိုင်ပါတယ်။ မူမမှန်တဲ့ မိုးလေဝသ ဖြစ်စဉ်တွေအပြင် အပူလှိုင်းတွေလည်း ဖြတ်သန်းနိုင်ခြေ ရှိနေတယ်” လို့ မိုး/ဇလ ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။
အီကွေတာအနီးရှိ အပူပိုင်း ပစိဖိတ်သမုဒ္ဒရာရဲ့ ပင်လယ်ရေ မျက်နှာပြင် အပူချိန်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ လလယ်ပိုင်းက ၂ ဒသမ ၂ နဲ့ ၂ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်စ်ကြားမှာ ရှိခဲ့တယ်လို့ သူက ပြောပါတယ်။
အယ်လ်နီညိုဖြစ်စဉ်ကြောင့် လာမယ့် ၂၀၂၇ ခုနှစ်မှာ မုတ်သုံအဝင် အနည်းငယ် နောက်ကျသွားတတ်သလို မူမမှန်တဲ့ မိုးလေဝသ ဖြစ်စဥ်တွေကြောင့် ရေကြီးရေလျှံမှုတွေကိုလည်း ပြီးခဲ့တဲ့နှစ်တွေကထက် ပိုပြီး ကြုံတွေ့ရနိုင်တယ်လို့ ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။
ဒါအပြင် မိုးလေဝသ လေ့လာစောင့်ကြည့်သူ ဦးဝင်းနိုင်ကလည်း အယ်လ်ညိုဖြစ်စဉ်ဟာ အခုနှစ် ဒီဇင်ဘာလကနေ လာမယ့် ၂၀၂၇ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း အားအကောင်းဆုံးနဲ့ အားအလွန်ကောင်းတဲ့ အဆင့်မှာရှိနိုင်တယ်လို့ ပြောပါတယ်။
မတ်၊ ဧပြီ၊ မေလတွေမှာ တဖြည်းဖြည်းနဲ့ အားလျော့သွားနိုင်ပြီး အနောက်တောင် မုတ်သုန်လေ စတင်ဝင်ရောက်ချိန် ဇွန်၊ ဇူလိုင်လလောက်မှာတော့ အယ်လ်နီညိုက ပုံမှန် ရာသီဥတု အခြေအနေကို ပြန်လည် ရောက်ရှိသွားနိုင်တယ်လို့ ဦးဝင်းနိုင်က ပြောပါတယ်။
ဒါအပြင် မုန်တိုင်းအခြေအနေနဲ့ ပတ်သက်လို့လည်း သူက “အယ်လ်နီညို ဝင်တဲ့နှစ်ဖြစ်တဲ့ အခု ၂၀၂၆ ခုနှစ်အတွင်းမှာ ဘင်္ဂလားပင်လယ်အော်မှာ ဆိုင်ကလုန်းမုန်တိုင်း တလုံးမှ မဖြစ်လိုက်ဘူး။ မိုးရာသီကျော်သွားပြီး မိုးနဲ့ ဆောင်းအကူးကျမှ ဆိုင်ကလုန်းမုန်တိုင်း စဖြစ်တာပေါ့။ လာမယ့် ၂၀၂၇ ခုနှစ်ကျရင်တော့ မုန်တိုင်းလည်း များနိုင်တယ်။ မုန်တိုင်းရဲ့ သက်ရောက်မှုဒဏ်လည်း ပိုပြီးတော့ ရှိနိုင်တယ်” လို့ ပြောပါတယ်။
နှစ်စဉ် မုတ်သုန် ဝင်ရောက်တတ်တဲ့အချိန် မိုးဦးကာလ မေလကနေ ဇွန်လကုန်တဲ့အတွင်း မုန်တိုင်းတွေ ဝင်ရောက်တတ်ပေမယ့် အခု ၂၀၂၆ ခုနှစ်မှာတော့ အယ်လ်နီညိုက တွန်းထားတဲ့အတွက် မုန်တိုင်းဖြစ်တာ မရှိသလောက်ပဲလို့ ပြောလို့ရပြီး မိုးရာသီကလ ကုန်မှသာ ဆိုင်ကလုန်းမုန်တိုင်း တလုံး ဖြစ်ခဲ့တယ်လို့ သူက ပြောပါတယ်။
“၂၀၂၇ ခုနှစ်ကျရင်တော့ မုတ်သုန်ရာသီ၊ မုန်တိုင်းရာသီအတွင်းမှာ မုန်တိုင်းဖြစ်တာလည်း ရှိမယ်။ မြန်မာနိုင်ငံဘက်ကို ဝင်တာလည်း ရှိနိုင်တယ်။ ဒါကြောင့် မုန်တိုင်းဒဏ်ကိုတော့ ၂၀၂၆ ခုနှစ်ထက် ၂၀၂၇ ခုနှစ်မှာ ပိုပြီးခံရလိမ့်လို့ ခန့်မှန်းထားပါတယ်” လို့ သူက ပြောပါတယ်။
ဒါအပြင် လာမယ့်နှစ်အတွင်း ရေကြီးရေလျှံမှုတွေ ပိုမို ဖြစ်ပေါ်နိုင်ခြေ ရှိ၊ မရှိ ဆိုတာကလည်း မိုးရွာသွန်းမှုအပေါ် မူတည်ပြီး ဒီနှစ် အယ်လ်နီညို ကာလထဲမှာတော့ မိုးရွာသွန်းမှု ပုံစံ မမှန်တာကို ကြုံခဲ့ရပြီးပြီဖြစ်ကာ လာမယ့်နှစ် အတွက်ကတော့ အခြေအနေကို စောင့်ကြည့်ရဦးမယ်လို့ သူက ပြောပါတယ်။
“မိုးရွာသွန်းမှု ပုံစံမမှန်ဘူးဆိုတာက တလလောက်ကြာမှ မိုးရေချိန် ၁၀ လက်မလောက် ရွာမယ်ဆိုတာက တရက်၊ နှစ်ရက်အတွင်းမှာ မိုးရေချိန် ၁၀ လက်မလောက်ကို တခါတည်း၊ တပြိုင်တည်း သွန်ချလိုက်သလို ရွာလိုက်တာမျိုးပေါ့။ ဒါကြောင့် မိုးရွာသွန်းမှုပုံစံ မမှန်တဲ့ အယ်လ်နီညိုကာလ ဖြစ်တဲ့အတွက် လာမယ့်နှစ်မှာလည်း ရေကြီးရေလျှံတယ်ဆိုတဲ့ အနေအထားမျိုးတွေ ဖြစ်လာနိုင်တယ်။ သို့သော် ဘယ်လောက်အထိ ဆိုးရွားမယ် ဆိုတာကတော့ မိုးရွာသွန်းမှု ပုံစံတွေအပေါ်မှာ မူတည်ပါတယ်” လို့ သူက ပြောပါတယ်။
အယ်လ်နီညိုဖြစ်စဉ်ဟာ ပစိဖိတ်သမုဒ္ဒရာမှာ ဖြစ်ပေါ်တဲ့ဖြစ်စဉ် ဖြစ်ပေမယ့် ဒီဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုကတော့ မိုးရွာသွန်းမှုပုံစံ မူမမှန်ခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှုတွေ မူမမှန်ခြင်း၊ လာမယ့် ဆောင်းရာသီနဲ့ နွေရာသီကာလတွေမှာ အပူချိန်တွေ မြင့်မားခြင်း၊ မိုးခေါင်ရေရှားခြင်း စတဲ့ အစွန်းရောက် မိုးလေဝသဖြစ်စဉ်တွေ ဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။
အယ်လ်နီညိုကြောင့် လာမယ့် ဆောင်းရာသီနဲ့ နွေရာသီ ကာလတွေမှာ အပူချိန် မြင့်မားခြင်းနဲ့ ရေရှားပါးမှုတွေ ဖြစ်ပေါ်လာနိုင်ပြီး မြစ်ချောင်း၊ အင်းအိုင်၊ ရေတွင်း၊ ရေကန်တွေမှာ ရေနည်းပါးနိုင်ခြင်း၊ သောက်သုံးရေနဲ့ စိုက်ပျိုးရေ ပြတ်လပ်ခြင်း၊ ရေမလုံလောက်ခြင်းတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ သိရပါတယ်။
ဒါအပြင် အပူရှပ်ခြင်း၊ ရေဓာတ်ခမ်းခြောက်ခြင်း၊ ရေရှားပါးမှုမှတဆင့် ဝမ်းပျက်၊ ဝမ်းလျှောရောဂါဖြစ်ခြင်း၊ ရေလှောင်တမံတွေမှာ ရေဝင်နည်းပါးခြင်းကြောင့် ရေအားလျှပ်စစ် ထုတ်လုပ်နိုင်မှု လျော့နည်းသွားနိုင်ကာ လျှပ်စစ်ဓာတ်အား လိုအပ်ချက် မြင့်မားလာခြင်းတို့ ဖြစ်ပေါ်နိုင်တဲ့အတွက် သက်ဆိုင်ရာ ကဏ္ဍတွေအလိုက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြဖို့ မိုး/ဇလဌာနက အကြံပြုထားပါတယ်။
Photo – DMH
#voiceofmyanmar #VOM #အယ်လ်နီညို