
နိုဝင်ဘာ ၁ – ၂၀၂၆
SS (VOM)
မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်းတွေ ဖြစ်ကြတဲ့ ပတ်ထရစ်အီဗရာ၊ အန်ဒါဆန်၊ အန်တိုနီယို ဗလင်စီယာနဲ့ ဖာဘီယို ဒါဆေးဗားလ်တို့ဟာ “Legendary Players Meet & Greet in Yangon” အစီအစဉ်အတွက် မြန်မာနိုင်ငံကို ရောက်ရှိလာပြီးနောက် ဘောလုံးဝါသနာရှင် မြန်မာ့မျိုးဆက်သစ် လူငယ်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
မန်ယူနောက်ခံလူဟောင်း ဖာဘီယို ဒါဆေးဗားလ်က အောက်တိုဘာလ ၂၉ ရက် ညနေပိုင်းမှာ ရန်ကုန်မြို့ကို ဦးစွာ ရောက်ရှိလာခဲ့ပြီး ကျန်ရှိတဲ့ ကမ္ဘာကျော် ကစားသမားတွေ ဖြစ်ကြတဲ့ ပတ်ထရစ်အီဗရာ၊ အန်တိုနီယို ဗလင်စီယာနဲ့ အန်ဒါဆန်တို့ကတော့ အောက်တိုဘာလ ၃၀ ရက်နေ့မှာ မြန်မာနိုင်ငံကို ထပ်မံ ရောက်ရှိလာခဲ့ကြတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံကို ရောက်ရှိလာပြီးနောက် ကစားသမား လေးယောက်ဟာ အောက်တိုဘာလ ၃၁ ရက်နေ့၊ ညနေပိုင်းမှာ ရန်ကုန်မြို့ရှိ သုဝဏ္ဏမြက်ခင်းတုကွင်းကို သွားရောက်ခဲ့ကြပြီး မြန်မာ့ဘောလုံးဝါသနာရှင် မျိုးဆက်သစ် လူငယ်တွေနဲ့တွေ့ဆုံကာ ဘောလုံးအခြေခံ နည်းစနစ်တွေကို ကိုယ်တိုင်ကိုယ်ကျ သင်ကြား ပြသပေးခဲ့ကြသလို အတွေ့အကြုံတွေနဲ့ ဗဟုသုတတွေကိုလည်း ရင်းရင်းနှီးနှီး မျှဝေခဲ့ကြတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံခရီးစဉ်နဲ့ ပတ်သက်ပြီး မန်ယူနောက်ခံလူဟောင်း ပတ်ထရစ်အီဗရာက “မြန်မာနိုင်ငံကလူတွေက ယဉ်ကျေးပြီး နွေးထွေးကြပါတယ်။ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် လာဖူးတာဖြစ်ပြီး၊ လာရောက်တဲ့အချိန် သွားရေးလာရေး စီစဉ်ပေးတာတွေနဲ့ နွေးထွေးစွာ ဧည့်ဝတ်ပြုမှုတွေကို အရမ်းသဘောကျမိပါတယ်” လို့ မီဒီယာတွေကို ထုတ်ဖော် ပြောကြားခဲ့ပါတယ်။
မန်ယူ ကစားသမားဟောင်းတွေဟာ အောက်တိုဘာလ ၃၁ ရက်နေ့၊ မနက်ပိုင်းမှာ အမျိုးသား ဘောလုံးအကယ်ဒမီ (ရန်ကုန်) ကို သွားရောက် လည်ပတ်ခဲ့ပြီး နည်းပြတွေ၊ မြန်မာလူငယ် ကစားသမားတွေနဲ့ တွေ့ဆုံနှုတ်ဆက်ခြင်း၊ အမှတ်တရ လက်မှတ်ရေးထိုးပေးခြင်းနဲ့ အမှတ်တရ ဓာတ်ပုံ တွဲရိုက်ခြင်းတွေကို ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
အဲဒီ အောက်တိုဘာလ ၃၁ ရက်နေ့မှာပဲ မွန်းလွဲပိုင်းမှာ ရန်ကုန်မြို့ရှိ Melia Hotel မှာ ကျင်းပပြုလုပ်တဲ့ Legendary Meet & Greet Podcast Session အခမ်းအနားကို တက်ရောက်ခဲ့ကြပြီး ပွဲအပြီးမှာ ပရိသတ်တွေကို အမှတ်တရ လက်မှတ် ရေးထိုးပေးခြင်းနဲ့ သတင်းမီဒီယာ အင်တာဗျူး အစီအစဉ်တွေကို ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
ဒီကနေ့ နိုဝင်ဘာလ ၁ ရက်နေ့ အခမ်းအနားကိုတော့ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းနဲ့ ဦးထွန်းငြိမ်လမ်းထောင့်ရှိ အင်းလျားလိတ် ဟိုတယ်ဝင်းအတွင်းက Yangon Convention Centre မှာ ကျင်းပမှာဖြစ်ပြီး Premium Private Dinner ပါဝင်မယ့် Welcome Day ပွဲအစီအစဥ်အပြင် Music & Networking နဲ့ Legendary Players တွေကနေ မြန်မာနိုင်ငံမှာရှိတဲ့ Professional ဘောလုံး အားကစားသမားတွေအတွက် အထူးမျှဝေပေးမယ့် Experience Sharing အစီအစဉ်တွေလည်း ပါဝင်မယ်လို့ သိရပါတယ်။
“Legendary Players in Yangon” လို့ နာမည်ပေးထားတဲ့ Meet and Greet အစီအစဉ်ကို The Garden Agency က စီစဉ်တာဖြစ်ပြီး ကနဦးမှာ ပတ်ထရစ်အီဗရာ၊ အန်ဒါဆန်တို့နဲ့အတူ ရွိုင်ယန်ဂစ်နဲ့ ဒီမီတာဘာဘာတော့ဗ်တို့ လာရောက်ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။
ဒါပေမယ့် အရေးပေါ်မီဒီယာ တာဝန်တွေကြောင့် ရိုင်ယန်ဂစ်နဲ့ ဘာဘာတော့ဗ်တို့ လာရောက်နိုင်ခြင်း မရှိတော့တဲ့အတွက် ဗလင်စီယာနဲ့ ဖာဘီယိုတို့က အစားထိုး ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။
Photo – LPMG