Voice of Myanmar

ဂျပန်နဲ့ ကိုရီးယားက မြန်မာလုပ်သားတွေ ဝင်ငွေခွန်နဲ့ မိသားစုလွှဲပို့ငွေ အထောက်ထားပြနိုင်မှ ပတ်စ်ပို့သက်တမ်းတိုးခွင့်ရမယ်

နိုဝင်ဘာ ၁ ၊ ၂၀၂၆

GG (VOM)

ဂျပန်နိုင်ငံနဲ့ ကိုရီးယားမှာ အလုပ်လုပ်နေတဲ့ မြန်မာလုပ်သားတွေအနေနဲ့ နိုင်ငံကူးလက်မှတ်(ပတ်စ်ပို့) သက်တမ်းတိုးမယ်ဆိုရင် ဝင်ငွေခွန်နဲ့ လုပ်ခလစာရဲ့ ၂၅ ရာခိုင်နှုန်း မိသားစုလွှဲပို့ငွေ အထောက်အထားကို မဖြစ်မနေ တင်ပြရမယ်လို့ သိရပါတယ်။

အဲဒီ လုပ်ငန်းစဥ်က ဒီကနေ့ နိုဝင်ဘာ ၁ ရက်မှာ စတင်အကျုံးဝင် ဖြစ်ပြီး မိသားစုလွှဲပို့ငွေကို အနီးစပ်ဆုံး ၃ လစာလွှဲပို့ထားကြောင်း နဲ့ ဝင်ငွေခွန်ကတော့ ပြည်ပရောက်တဲ့နှစ်ကာလအပိုင်းအခြားပေါ်မူတည်ပြီး အနည်းဆုံး ၁ နှစ် အထိ ဆောင်ထားတဲ့ အထောက်အထား တင်ပြရမှာလို့ ကနဦးသိရ ပါတယ်။

မိသားစုလွှဲပို့ငွေ နဲ့ ဝင်ငွေခွန်ဆောင်ဖို့ကို တိုကျိုမြို့ရှိမြန်မာသံရုံး ၊ ဆိုးလ်မြို့ရှိ မြန်မာသံရုံးတို့က အောက်တိုဘာ ၃၀ ရက်မှာ အသိပေးထားတာပါ။

” အရင်က ပတ်စ်ပို့သက်တမ်းတိုးရင် ဝင်ငွေခွန်နဲ့ မိသားစုလွှဲပို့ငွေ ပြခိုင်းတယ်ဆိုပေမယ့် အဲဒါတွေမပြနိုင်လည်း သက်တမ်းတိုးပေးတယ်။ အဲဒီတော့ မိသားစုလွှဲပို့ငွေ နဲ့ ဝင်ငွေခွန်မဆောင်သူတွေများလာလို့ ခုလိုစာထုတ်ပြီး တင်းကြပ်လိုက်တာ။အခုတော့ မဖြစ်မနေ လုပ်ရတော့မှာပါ။ အဲဒါတွေမလုပ်ရင် သက်တမ်းတိုးမပေးတော့တဲ့သဘောပါ ။ ” လို့ ကိုရီးယား ရောက်မြန်မာနိုင်ငံသားက ပြောပါတယ်။

လက်ရှိမှာ ပြည်ပရောက်လုပ်သားတွေထဲက ခွင့်ပြန်လုပ်သားတွေကို မိသားစုလွှဲပို့ငွေ နဲ့ ဝင်ငွေခွန်ဆောင်ထားကြောင်း အထောက်အထားအပါအဝင် လိုအပ်တဲ့ အချက်အလက်တွေ တင်ပြနိုင်မှသာ ပြည်ပပြန်လည်ထွက်ခွာခွင့်ပြုပေးနေတာကြောင့် ပြည်ပရောက်မြန်မာလုပ်သားအချို့က နေရပ်မပြန်တော့ဘဲ ပြည်ပမှာပဲ နိုင်ငံကူးလက်မှတ်ကို သက်တမ်းတိုးနေကြပါတယ်။

ဒါကြောင့် နေရပ်မပြန်ဘဲ ပြည်ပမှာပဲ သက်တမ်းတိုးပြီး အလုပ်ဆက်လုပ်နေတဲ့ မြန်မာလုပ်သားတွေကိုပါ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမယ်ဆိုရင် ဝင်ငွေခွန်နဲ့ မိသားစုလွှဲပို့ငွေ အထောက်ထားပြဖို့ တင်းကြပ် လုပ်ဆောင်တာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

” ဒါတွေ တင်ပြနိုင်မှ သက်တမ်းတိုးရမယ်ဆိုတော့ လွှဲရမှာပဲလေ။ ကိုယ့်နိုင်ငံပြန်ပြီး လုပ်စားဖို့ကလည်း နိုင်ငံရေးမကောင်းတော့အဆင်မှမပြေတာ။ ဝင်ငွေခွန်နဲ့ မိသားစုလွှဲပို့ငွေ ပေးရတာ လုပ်ငန်းအဆင်ပြေနေသူတွေကတော့ အခက်အခဲမရှိနိုင်ပါဘူး။ လုပ်ငန်းကအဆင်မပြေ သက်တမ်းကကုန်ခါနီးဆိုရင်တော့ ဒုက္ခရောက်တာပေါ့ ။ ” လို့ ဂျပန်ရောက် မြန်မာလုပ်သားတယောက်က ပြောပါတယ်။

ပြည်ပရောက် မြန်မာလုပ်သားတွေအနေနဲ့ ရရှိတဲ့ လုပ်ခလစာဝင်ငွေအပေါ် ဝင်ငွေခွန်ပေးဆောင်ဖို့ကို ပြီးခဲ့တဲ့ ပြည်တွင်းအခွန်များဦးစီးဌာနက ၂၀၂၃ ခုနှစ် အောက်တိုဘာမှာထုတ်ပြန် ခဲ့တာ ဖြစ်ပါတယ်။

မိသားစုလွှဲပို့ငွေ လစာရဲ့ ၂၅ ရာခိုင်နူန်းပေးဆောင်ဖို့ သတ်မှတ်တာကိုတော့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ်လမှာ စတင်ကြေငြာခဲ့တာဖြစ်ပါတယ်။

အမိန့်ကြေငြာစာအရဆိုရင် ၂၀၂၄ ခုနှစ် ဩဂုတ် ၂၈ ရက်ကစပြီး လစာရဲ့ ၂၅ရာခိုင်နူန်းကို မိသားစုဆီ ငွေလွှဲထားကြောင်း တင်ပြရမယ်လို့ ပြောထားပေမယ့် လက်ရှိမှာတော့ ဖြေလျှော့တဲ့အနေနဲ့ အနီးစပ်ဆုံး ၃ လစာလွှဲထားကြောင်း တင်ပြနိုင်ရင် ပတ်စပို့ သက်တမ်းတိုးပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

ခုနောက်ပိုင်းမှာ ပြည်တွင်းက လူငယ်လူရွယ်အများစုဟာ ထိုင်း ၊ ဂျပန် ၊ ကိုရီးယား ၊ အိုမန် ၊ ဒူဘိုင်း ၊စင်္ကာပူ ၊ မလေးရှား ကိုသွားရောက်မှုများပြီး တရားဝင်သွားသူရှိသလို တရားမဝင်နည်းနဲ့ ဝင်ရောက်သူတွေလည်း ရှိနေပါတယ်။

ထိုင်းနိုင်ငံမှာတော့ ပြီးခဲ့တဲ့ ဇူလိုင်ကတည်းက ပတ်စ်ပို့သက်တမ်းတိုးမယ်ဆိုရင် ဝင်ငွေခွန်ကို အပြည့်အဝဆောင်မှသာ သက်တမ်းတိုးခွင့်ရရှိနေတာ ဖြစ်ပါတယ်။

ဓာတ်ပုံ – CJ

#Voiceofmyanmar #VOM #ပြည်ပရောက်မြန်မာ #ဝင်ငွေခွန် #မိသားစုလွှဲပို့ငွေ #တိုကျို #ဆိုးလ်

မူရင်းသတင်း — Voice of Myanmar