Voice of Myanmar

ခွင့်ပြန်တွေရဲ့ OWIC ကတ် ပြုလုပ်ခွင့်နဲ့ ပြည်ပထွက်ခွာခွင့်ကို သုံးရက်အတွင်းရရှိအောင် ဆောင်ရွက်ပေးနေ

နိုဝင်ဘာ ၂ – ၂၀၂၆

SN (VOM)

ခွင့်ပြန်အလုပ်သမားတွေရဲ့ ပြည်ပအလုပ်သမား သက်သေခံကတ် (OWIC) ပြုလုပ်ခွင့်နဲ့ ပြည်ပပြန်လည် ထွက်ခွာခွင့်အတွက် လျှောက်ထားမှုတွေကို သုံးရက်အတွင်း ရရှိအောင် ဆောင်ရွက်ပေးနေတယ်လို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနဲ့ နီးစပ်သူတွေက ပြောပါတယ်။

လက်ရှိမှာ ခွင့်ပြန် အလုပ်သမားတွေအတွက် ဝန်ဆောင်မှုတွေကို မနေ့ နိုဝင်ဘာ ၁ ရက်နေ့မှစတင်ကာ ရန်ကုန်မြို့၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်း၊ ပင်လုံခန်းမမှာ နေရာပြောင်းလဲ ဆောင်ရွက်‌ပေးတာဖြစ်ပါတယ်။

ဖောင်တင်တဲ့အချိန်မှာ လိုအပ်ချက်တွေကို သက်ဆိုင်ရာကောင်တာ တခုချင်းစီမှာ တခါတည်း စိစစ်ပေးနေတာဖြစ်ပြီး စာရွက်စာတမ်း ပြည့်စုံမှသာ လက်ခံ ဆောင်ရွက်ပေးမှာဖြစ်ကာ ဖောင်တင်ခဲ့သူတွေကို အရင်ကလို တယ်လီဂရမ်ကနေတဆင့် အမည်စာရင်းတွေ ထုတ်ပြန် ကြေညာပေးသွားမယ်လို့ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနနဲ့ နီးစပ်သူက ပြောပါတယ်။

“ဖောင်တင်ထားသူတွေအနေနဲ့ အရင်လို ရက်အကြာကြီး စောင့်ဆိုင်းစရာ မလိုတော့ပါဘူး။ အမည်စာရင်းကို သုံးရက်အတွင်း သိရှိနိုင်မှာပါ။ OWIC ကတ်အတွက်ရော၊ ထွက်ခွာခွင့်ပါ တခါတည်း ချပေးတာ။ ဖောင်တင်တဲ့အချိန်မှာ စာရွက်စာတမ်းတွေကို တခါတည်း စစ်ယူပြီး လိုအပ်ချက်ရှိနေရင် လက်မခံဘဲ တခါတည်း ပြန်လွှတ်ပါတယ်။ အရင်ကဆို လိုအပ်ချက်ရှိသူတွေကို တယ်လီဂရမ်ကနေ ကြေညာပေးတာပါ” လို့ သူက ပြောပါတယ်။

ခွင့်ပြန် အလုပ်သမားတွေအနေနဲ့ ပြည်ပပြန်လည် ထွက်ခွာခွင့်အတွက် ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ပေးဆောင်ထားတဲ့ အထောက်အထား၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် အသိအမှတ်ပြု AD လိုင်စင်ရ ဘဏ်တွေနဲ့ Remittance Business License (RBL) လိုင်စင်ရ ငွေလွှဲဝန်ဆောင်မှု လုပ်ငန်းတွေမှတဆင့် ၂၅ ရာခိုင်နှုန်း မိသားစုလွှဲပို့ငွေအပြင် ခွင့်ပြန်လာတဲ့အချိန်နဲ့ အနီးကပ်ဆုံး သုံးလစာ လွှဲပို့ထားတဲ့ အထောက်အထားတွေ အပါအဝင် သတ်မှတ်ထားတဲ့ အထောက်အထား အပြည့်အစုံနဲ့ တင်ပြရမယ်လို့ သိရပါတယ်။

“ဒီနေရာမှာ ၂၅ ရာခိုင်နှုန်း ငွေလွှဲတာက လွှဲတဲ့သူဘက်က စလစ်ရော၊ လက်ခံတဲ့သူဘက်က စလစ်ရော ပြရပါတယ်။ တချို့က လက်ခံတဲ့စလစ် ပြစရာမလိုဘူးလို့ ထင်နေကြတယ်။ အမှန်က စလစ်နှစ်ခုစလုံး ပါမှ ရမှာပါ။ ဘဏ်စာအုပ်နဲ့ချိတ်ပြီး ငွေအဝင်၊ အထွက်ကို စာအုပ်ကပဲ လုပ်ရတာဆိုရင်လည်း ကိုယ်လွှဲတဲ့ဘဏ်မှာသွားပြီး လွှဲတဲ့နေ့ရဲ့စာရင်းကို ထုတ်ခိုင်းလို့ရပါတယ်။ Bank Statement လို့ ခေါ်ပါတယ်။ ဘဏ်မှာ စာအုပ်ပြပြီး ထုတ်လို့ရပါတယ်” လို့ သူက ပြောပါတယ်။

လက်ရှိ မြောက်ဒဂုံ၊ ပင်လုံခန်းမမှာ OWIC ကတ် လျှောက်ထားရယူထားခြင်း လုံးဝ မရှိသေးတဲ့ ခွင့်ပြန်သူတွေကို OWIC ကတ် ပြုလုပ်ပေးတာ၊ OWIC ကတ် သက်တမ်းကုန်ဆုံးသူတွေကို သက်တမ်း တိုးပေးတာတွေကိုလည်း ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

ဒါအပြင် OWIC ကတ် သက်တမ်း တနှစ်အောက် ရှိသူတွေနဲ့ အလုပ်ပြောင်းတာကြောင့် အရင်ပြုလုပ်ထားတဲ့ OWIC ကတ်မှာ ဖော်ပြထားတဲ့ သွားရောက်လုပ်ကိုင်မယ့် နိုင်ငံ၊ ကုမ္ပဏီ/အလုပ်ရှင် စတဲ့ အချက်အလက်တွေ ပြောင်းလဲရေးသွင်းရန် လိုအပ်ပါကလည်း OWIC ကတ်အသစ်တွေ လဲလှယ်ပေးမယ်လို့ သိရပါတယ်။

Photo – CJ

မူရင်းသတင်း — Voice of Myanmar