
ကန့်ဘလူ နိုဝင်ဘာ ၃
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက် သီးနှံစုံ ဧက ၁၉၉၀၀၀ ကျော် လျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
ကန့်ဘလူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဒေသခံတောင်သူများ ဆီထွက်သီးနှံထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် အထွက်ကောင်း မျိုးကောင်းမျိုးသန့်များသုံးစွဲရေး၊ စိုက်နည်းစနစ် မှန်ကန်ရေးနှင့် ဒေသထွက်မြေဩဇာ အချိုးကျသုံးစွဲနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးလျက် ရှိသည်။
ထို့ပြင် ဆီထွက်သီးနှံများ စီးပွားဖြစ်စိုက်ပျိုးနိုင်ရေး၊ အရည်အသွေးကောင်းမွန်ရေး၊ နောက်ဆုံးပေါ် နည်းပညာများ ရယူသုံးစွဲနိုင်ရေးအပြင် စျေးကွက်ဝင်ဆီထွက်သီးနှံများကို စိုက်ပျိုးကြရန်နှင့် အယ်လ်နီညိုဖြစ်စဥ်ကြောင့် ဆောင်းသီးနှံစိုက်ပျိုးထုတ်လုပ်မှု ထိခိုက်ပျက်စီးမှု မရှိစေရေး၊ စိုက်ပျိုးရေ လေလွင့်ဆုံးရှုံးမှု မရှိစေရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ အသိပညာပေး စည်းရုံးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ကန့်ဘလူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံများလျာထား စိုက်ပျိုးမှု အနေဖြင့် မြေပဲ ၉၄၉၂၅ ဧက၊ နှမ်း ၉၅၇၁၅ ဧက၊ ပန်းနှမ်း ၅၅၈၃ ဧက၊ မုန်ညင်း ၅၀၂ ဧကနှင့် နေကြာ ၃၀၀၁ ဧက စုစုပေါင်း ၁၉၉၇၂၆ ဧက စိုက်ပျိုးမည်ဖြစ်ပြီး ဒေသတွင်းသာမက ပြည်တွင်း စားသုံးမှု ဖူလုံစေရေးအတွက် သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့် ဒေသခံတောင်သူများ ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)