Myanmar Digital News

မြို့ပြသန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်စေရန် ရေနုတ်မြောင်းများရှိ အမှိုက်သရိုက်များ ဆယ်ယူရှင်းလင်း

ပွင့်ဖြူ နိုဝင်ဘာ ၃

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က မြို့အင်္ဂါရပ်နှင့်အညီ စဉ်ဆက်မပြတ် သန့်ရှင်းသာယာလှပစေရေးအတွက် မြို့ပြသန့်ရှင်းရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ကြိုးပမ်းလုပ်ဆောင်လျက်ရှိရာ နိုဝင်ဘာ ၂ ရက်တွင် မြို့တွင်းရေစီးရေလာ ကောင်းမွန်ရေးအတွက် ရေနုတ်မြောင်းများရှိ အမှိုက်သရိုက်များ ဆယ်ယူရှင်းလင်းခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများ စုပေါင်းအဖွဲ့က အမှိုက်သိမ်းယာဉ်တစ်စီးဖြင့် မြို့တွင်း ဗိုလ်ချုပ်လမ်းမကြီး လမ်းဘေး(ဝဲ၊ယာ)ရှိ ရေနုတ်မြောင်းအတွင်း ပိတ်ဆို့နေသော အမှိုက်သရိုက်များ ရေစီးရေလာ ကောင်းမွန်စေရေး ဆယ်ယူရှင်းလင်းခြင်း၊ ရေဝပ်သည့်နေရာများတွင် ရေထွက်ပေါက်များ ဆောင်ရွက်ခြင်းနှင့် စကားဝါလမ်းဘေးတစ်လျှောက် ပေါင်းမြက်များ ရှင်းလင်းသိမ်းဆည်းခြင်း စသည့် မြို့ပြသန့်ရှင်းရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

 

ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က မြို့ပြသန့်ရှင်းသာယာလှပစေရန်နှင့် ပြည်သူများ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်းများ မရှိစေရေးအတွက် သန့်ရှင်းရေးဝန်ထမ်းများက နေ့စဉ်အမှိုက်သိမ်းယာဉ်ဖြင့် အမှိုက်များ လိုက်လံသိမ်းဆည်းခြင်း၊ မြို့ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရန် ဈေးရောင်းဈေးဝယ်များကို ပလတ်စတစ်ပစ္စည်း လျော့ချသုံးစွဲရေး အသိပညာပေးခြင်း၊ စွန့်ပစ်ပလတ်စတစ်အမှိုက်များ လိုက်လံကောက်ယူရှင်းလင်းခြင်း စသည့် မြို့ပြသန့်ရှင်းရေး လုပ်ငန်းများကို အရှိန်အဟုန်မပျက် ကြိုးပမ်းလုပ်ဆောင်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်ထံမှ သိရသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)

မူရင်းသတင်း — Myanmar Digital News