Myanmar Digital News

(၇၈)ကြိမ်မြောက် ချင်းရိုးရာနှစ်သစ်ကူးပွဲတော် ကျင်းပ

ဖလမ်း နိုဝင်ဘာ ၂

 

ဖလမ်းမြို့တွင် (၇၈)ကြိမ်မြောက် ချင်းရိုးရာ နှစ်သစ်ကူးပွဲတော်ကို နိုဝင်ဘာ ၂ ရက်မှ ၁၄ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး အားကစားပြိုင်ပွဲများ၊ ရိုးရာဝတ်စားဆင်ယင်မှု၊ ယဉ်ကျေးမှုအကပြိုင်ပွဲများ ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်း၊ ဆုပေးပွဲအခမ်းအနားနှင့် ပွဲတော်ကို နိုဝင်ဘာ ၁၄ ရက်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

ချင်းရိုးရာ နှစ်သစ်ကူးပွဲတော် အထိမ်းအမှတ် အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့တွင် ဖလမ်းမြို့ ဟရန်ထီးယိုးဘောလုံးကွင်း၌ ကျင်းပရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်၊ ချင်းပြည်နယ် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်၊ ချင်းပြည်နယ်အတွင်း ပြန်လည် ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီဝင်များ တက်ရောက်ကြသည်။

 

အခမ်းအနားကို ဆုတောင်းမေတ္တာပို့သ၍ စတင်ပြီး ဒေသခံအဆိုရှင်များက တေးသီချင်းများ သီဆိုဖျော်ဖြေကာ အားကစားသမားများက အားကစား အဓိဋ္ဌာန် ရွတ်ဆိုကြသည်။

 

ထို့နောက် ဒုတိယဝန်ကြီးက ယခုကဲ့သို့ ရိုးရာပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခြင်းသည် ဒေသတွင်း အေးချမ်းတည်ငြိမ်ခြင်း၏ အသီးအပွင့် ရလဒ်ကောင်းပင်ဖြစ်ကြောင်း၊ ချင်းရိုးရာ ကောက်သစ်စားပွဲခေါ် ချင်းနှစ်သစ်ကူးပွဲတော်သည် နှစ်သစ်ကိုမျှော်လင့်ချက်အသစ်များနှင့် ကြိုဆိုကြသည့် မင်္ဂလာရှိသော ပွဲတော်ဖြစ်ပြီး ဒေသ၏ ယဉ်ကျေးမှု အမွေအနှစ်များကို ဖော်ထုတ်ပြသသည့် ပွဲတော်ဖြစ် သကဲ့သို့ နှစ်သစ်ကူးပွဲတော်ကြီးကို ကျင်းပနိုင်ခြင်းဖြင့် ဒေသခံပြည်သူများ၏ စည်းလုံးမှု၊ ညီညွတ်မှု၊  တစ်သွေးတစ်သားတည်းရှိမှုများကို ပီပြင်စွာမြင်တွေ့ရသည့်အတွက် အထူးပင် ဂုဏ်ယူမိပါကြောင်းနှင့် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီအဖွဲ့ဝင်များ အနေဖြင့်လည်း ၂၀၂၆ ခုနှစ် မေလမှစတင်ပြီး ဖလမ်းမြို့ တိုးတက်စည်ကားရေး၊ သန့်ရှင်းသာယာလှပရေးနှင့် ရုံးလုပ်ငန်းများ ပုံမှန်အတိုင်းလည်ပတ်နိုင်ရေးတို့ကို အင်တိုက်အားတိုက် ကြိုးပမ်းမှုများကိုလည်း အသိအမှတ်ပြု မှတ်တမ်းတင်ရမည်ဖြစ်ကြောင်း၊ ဖလမ်းမြို့တွင် ကျင်းပသည့် (၇၈)ကြိမ်မြောက် ချင်းရိုးရာ နှစ်သစ်ကူးပွဲတော်မှတစ်ဆင့် ဒေသ၏ ရိုးရာယဉ်ကျေးမှုများ ပိုမိုရှင်သန်တိုးတက်လာပြီး တိုင်းရင်းသားညီအစ်ကို မောင်နှမများအကြား ချစ်ကြည်ရင်းနှီးမှုနှင့် စည်းလုံးညီညွတ်မှု ပိုမိုခိုင်မာလာပါစေကြောင်းနှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်ကောင်းမွန် လာပါစေကြောင်း နှစ်သစ်ကူးဆုမွန်တောင်းကြောင်း ပြောကြားသည်။

 

ယင်းနောက် ချင်းနှစ်သစ်ကူးပွဲတော် အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲအား ချင်းပြည်နယ် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်က စပေးဘောကန်၍  ဖွင့်လှစ်ပေးပြီး ဒုတိယဝန်ကြီးနှင့် အဖွဲ့ဝင်များသည် ဒေသခံများနှင့်အတူ ဘောလုံးပြိုင်ပွဲကို  ကြည့်ရှုအားပေးကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

မူရင်းသတင်း — Myanmar Digital News