Myanmar Digital News

မိုးကောင်းမြို့နယ် ထုံးရေပေါက်ကျေးရွာ၌ အယ်လ်နီညိုရာသီဥတုကြောင့် ရေရှားပါးပြတ်လပ်မှုမရှိစေရေး အသိပညာပေး ဟောပြော

မိုးကောင်း နိုဝင်ဘာ ၃

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အယ်လ်နီညိုဖြစ်စဥ်‌ကြောင့် ရာသီဥတုပြောင်းလဲမှုများ ဖြစ်ပေါ်လာနိုင်သဖြင့် ပြည်သူများ ကြိုတင်ပြင်ဆင်နိုင်ရန်နှင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် အရှိန်အဟုန်ဖြင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မိုးကောင်းမြို့နယ် ထုံးရေပေါက်ကျေးရွာ၌ အသိပညာပေး ဟောပြောပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရာတွင် မိုးညှင်းခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြသိန်းဝင်းက အယ်လ်နီညိုရာသီဥတု ကျရောက်လာနိုင်သည့် အခြေအနေများအကြောင်း၊ အယ်လ်နီညိုရာသီဥတုကြောင့် အကျိုးသက်ရောက်နိုင်မှု အခြေအနေများ၊ အယ်လ်နီညိုရာသီဥတု မကျရောက်မီ ကြိုတင်ပြင်ဆင်ရမည့် အချက်များနှင့် ဖြစ်ပေါ်လာပါက တုံ့ပြန်လုပ်ဆောင်ရမည့် အချက်များအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် အသိပညာပေး ရှင်းလင်းပြောကြားခဲ့ပြီး ကျေးလက်ဦးစီးဌာနမှ ဖြန့်ဝေသည့် အသိပညာပေး လက်ကမ်းစာစောင်များအား ဝန်ထမ်းများမှ ကျေးရွာလူထုထံသို့ ဖြန့်ဝေ‌ပေးကြသည်။

 

ထို့နောက် မြို့နယ်ဦးစီးမှူးက အယ်လ်နီညိုရာသီဥတု ဖြစ်စဉ်အတွင်း မိုးရွာသွန်းမှုမူမမှန်ခြင်း၊ မိုးခေါင်ခြင်း၊ ရေရှားပါးမှုနှင့် အခြားဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်နိုင်သဖြင့် သောက်သုံးရေပြတ်လပ်မှု မဖြစ်ပေါ်စေရန် ရေကို ကြိုတင်စုဆောင်းထားရှိရန်၊ ရေကို စနစ်တကျသုံးစွဲကြရန် ဆွေးနွေးပြောကြားကာ လက်ရှိရေသုံးစွဲမှု အ‌ခြေအနေများအား ကြည့်ရှုစစ်‌ဆေးခဲ့သည်။ မိုးညှင်းခရိုင် ကွပ်ကဲမှုအောက်ရှိ မြို့နယ်များမှ ကျေးရွာ ၅၀ ကျော်တွင် အလားတူ အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ချစ်ဦးကို

မူရင်းသတင်း — Myanmar Digital News